ပါကစ္စတန် မြို့တော်၌ လုံခြုံရေး သတိပေးချက် ထုတ်ထား

ပါကစ္စတန် မြို့တော်၌ လုံခြုံရေး သတိပေးချက် ထုတ်ထား

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလမ်မာဘတ်၌ ဇူလိုင် ၁၈ ရက်က လုံခြုံရေး သတိပေးချက် ထုတ်ထားပြီး အစိုးရ အဆောက်အအုံအားလုံးနှင့် အရေးကြီးသော လုပ်ငန်း အဆောက်အအုံများ၌ လုံခြုံရေးကို တိုးမြှင့်ထားသည်။

ဆိုးရွားသော ဖြစ်ရပ်မှန်သမျှကို တားဆီးကာကွယ်ရန်နှင့် ရဲတပ်ဖွဲ့က နေရာအသီးသီးမှ ရရှိထားသည့် သတင်းအချက်အလက်များကြောင့် မြို့တော်၌ မြင့်မားသော သတိပေးချက် ထုတ်ပြန်ထားရှိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကားလျက် Dawn သတင်းစာက ဖော်ပြသည်။

“ဒါက တရား ဥပဒေ စိုးမိုးရေး အခြေအနေနဲ့ သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မည်သည့်ပုံစံ သတင်းအချက်အလက်မျိုးကို ၎င်းတို့ လက်ခံရရှိထားသလဲ မေးမြန်းရာတွင် “စာရွက်စာတမ်းများက သက်ဆိုင်သူသာ ကြည့်ခွင့်ရှိသည်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထပ်တိုးရဲတပ်ဖွဲ့များကို အနီရောင် ဇုန်၌ တပ်ဖြန့်ထားသည်ဟု ရဲဌာနက ဇူလိုင် ၁၈ ရက်၌ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြို့တော်၏ ဝင်ထွက်ပေါက်များကို စစ်ဆေးနေသည့်အပြင် အနီရောင်ဇုန်ကို အထူးစောင့်ကြပ်လျက် ရှိကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုတွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု အဆိုပါသတင်းစာက ဖော်ပြသလို မြို့နေပြည်သူများကိုလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ပန်ကြားထားသည်ဟု ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly