တရုတ်၏ရန်လိုမှုများ အရှိန်မြင့်လာကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ပြော

By Taipei Times
25 July 2022
တရုတ်၏ရန်လိုမှုများ အရှိန်မြင့်လာကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ပြော

တရုတ်စစ်တပ်သည် ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်း သိသိသာသာ ပိုမိုရန်လိုလာပြီး အန္တရာယ်များလာကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီက အင်ဒို-ပစိဖိတ်ဒေသခရီးစဉ်အတွင်း ဇူလိုင် ၂၃ ရက်က အင်ဒိုနီးရှားတွင် ပြောသည်။

တရုတ်စစ်လေယာဉ်နှင့်စစ်သင်္ဘောများသည် ပစိဖိတ်ဒေသအတွင်း၌ အမေရိကန်နှင့် တခြားမိတ်ဖက် တပ်ဖွဲ့များ အပေါ် နှောင့်ယှက်မှုအရေအတွက်သည် သိသိသာသာ တိုးလာကြောင်းနှင့် အန္တရာယ်မကင်းသော တုံ့ပြန် လုပ်ဆောင်မှုများမှာလည်း အလားတူ မြင့်တက်လာသည်ဟု ဗိုလ်ချုပ်ကြီးမာ့ခ်မိုင်လီက ဆိုသည်။

ဒေသတွင်းတွင် တည်ရှိမှုနှင့် သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံအား တန်ပြန်မှု တစ်ခု အဖြစ် အမေရိကန်က ပစိဖိတ်နိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် နှစ်ဆကြိုးပမ်းနေချိန်မှာ မာ့ခ်မိုင်လီက ထိုသို့ မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က တရုတ်နိုင်ငံအား အရှိန် အဟုန်မြင့်လာသော ခြိမ်းခြောက်မှုနှင့် အမေရိကန်၏ ကာလရှည်ကြာလုံခြုံရေးစိန်ခေါ်မှုအဖြစ် မှတ်ယူထား သည်။

ဗိုလ်ချုပ်ကြီးမိုင်လီ၏ ဒေသတွင်းခရီးစဉ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုအပေါ် သိသိသာသာ အာရုံစိုက် လာသည်။ မိုင်လီသည် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယခုသီတင်းပတ်အတွင်း ကျင်းပမည့် အင်ဒို-ပစိဖိတ် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်၏ အရှိန်ရလာသော စစ်ရေး တိုးတက်မှု တိုးမြင့်လာမှုနှင့် လွတ်လပ်ပွင့်လင်းပြီး ငြိမ်းချမ်းသော ပစိဖိတ်ဒေသကို ထိန်းသိမ်းရန်လိုအပ်မှု စသည့် အဓိက အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်သည်။

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မည့်အလားအလာနှင့်ပတ်သက်၍ဖြစ်နိုင်ခြေကိုလည်း အမေရိကန်စစ်ရေး အရာရှိများက တိုးမြှင့်သတိပေးထားသည်။ ကွန်မြူနစ်နိုင်ငံနှင့် တစ်စည်းတစ်လုံးတည်းဖြစ်စေရန် ခြိမ်းခြောက် သည့်အနေဖြင့် တရုတ်က ထိုဝမ်အပေါ် စစ်ရေးအရရန်စမှုများ တိုးမြှင့်လုပ်ဆောင်လာသည်။

တရုတ်က ဆော်လမွန်ကျွန်းစုနိုင်ငံများနှင့် ဧပြီလက ချုပ်ဆိုခဲ့သော လုံခြုံရေးသဘောတူညီချက်အရ တောင်ပစိဖိတ်တွင် တရုတ်ရေတပ်ထူထောင်လာနိုင်သဖြင့် အမေရိကန်နှင့်တခြားနိုင်ငံများက စိုးရိမ်နေကြသည်။

အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများသည် ဒေသတွင်းတွင် အမေရိကန်နိုင်ငံကို ပါဝင်ပတ်သက်စေချင်ကြောင်း အင်ဒိုနီးရှားတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အန်ဒီကာပါကာစာနှင့်တွေ့ဆုံခဲ့သည့် မိုင်လီက ပြောသည်။

“တရုတ်ရဲ့ စိန်ခေါ်မှုမှန်သမျှ ရင်ဆိုင်နိုင်စေရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့နှင့် ကျွန်တော်တို့ စစ်တပ်တွေ ပေါင်းစပ်ခေတ်မီစေဖို့ သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ချင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး မိုင်လီကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required