တရုတ်တွင် Falun Gong အယူဝါဒအား ဆက်လက်ဖိနှိပ်နေ

တရုတ်တွင် Falun Gong အယူဝါဒအား ဆက်လက်ဖိနှိပ်နေ

တရုတ်နိုင်ငံတွင် လူသိနည်းသည့် Falun Gong စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်အယူဝါဒအား နှစ်ပေါင်း ၂၃ နှစ်ကြာသည်အထိ အစိုးရက ဆက်လက်နှိပ်ကွပ်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။ ယင်းအယူဝါဒသည် သမ္မတရှီကျင့်ဖျင်၏ အုပ်ချုပ်ရေးအား ဆိုးရွားသည့် ခြိမ်းခြောက်မှု ဖြစ်စေကြောင်း တရုတ်ကွန်မြူနစ်ပါတီက ယူဆထားသည်ဟု မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သမ္မတရှီကျင့်ဖျင် အစိုးရက ‘အဆိပ် ၅ မျိုး’ ဟု သတ်မှတ်ထားသည့် အုပ်စုများတွင် တိဗက်၊ ဝီဂါ မွတ်စလင်များ၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၊ ထိုင်ဝမ်လွတ်လပ်ရေး လှုပ်ရှားသူများနှင့် Falun Gong ဝါဒ ကိုးကွယ်ယုံကြည်သူများပါဝင်ကြောင်း ကနေဒါအခြေစိုက် ပညာရှင်များအဖွဲ့ဖြစ်သည့် ‘အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်’ (IFFRAS) အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

‌ဝီဂါမွတ်စလင်များနှင့် တိဗက်တို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တစ်ကမ္ဘာလုံးက သိရှိကာ ဝေဖန်ကြသော်လည်း Falun Gong ခေါ် Falun Dafa အယူဝါဒအား သိရှိသူ နည်းပါးသည်။

ယင်းအယူဝါဒအား ကိုးကွယ်လိုက်စားသူများသည် တရုတ်အစိုးရ၏ နှိပ်ကွပ်ဖိနှိပ်မှုများကို ကြုံတွေ့ရသည်။

‌စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ် အယူဝါဒတစ်ရပ်ဖြစ်သည့် Falun Gong ကို တရုတ်အစိုးရက ၁၉၉၉ ခုနှစ်တွင် တားမြစ် ပိတ်ပင်ခဲ့ပြီး တရုတ်လူမှုအသိုင်းအဝန်းနှင့် ယဉ်ကျေးမှုများကို ဖျက်ဆီးသည့် ‘မကောင်းဆိုးရွား ဂိုဏ်း’ အဖြစ် သတ်မှတ်ခဲ့ကြောင်း IFFRAS ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Falun Gong သည် အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကျင့်ကြံအားထုတ်သည့် တရားထိုင်သူများက လိုက်နာဆောင်ရွက်ကြသည်။

‌တားမြစ်ပိတ်ပင်ခြင်း ခံရပြီးနောက် Falun Gong ဂိုဏ်းအနေဖြင့် တရုတ်နိုင်ငံတွင် မညှာမတာ ဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရသည်။ ယင်းအဖွဲ့အား ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ထူထောင်ပြီးနောက်ပိုင်း ကျင့်ကြံ လိုက်စားသူအရေအတွက်များပြားလာခဲ့သည်။

အဆိုပါကျင့်ကြံမှုကိုတရုတ်ကွန်မြူနစ်ပါတီအရာရှိများက အစပိုင်းတွင် အားပေးခဲ့သော်လည်း အဖွဲ့၏ ကြီးမားလာသည့် အင်အား၊  အမှီအခိုကင်းစွာရပ်တည်လာနိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ သင်ကြားမှုများကြောင့် ခြိမ်းခြောက်မှုပြုနိုင်သည့် အဖွဲ့အစည်းအဖြစ် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် သတ်မှတ်လာသည်။

Falun Gong ကျင့်ကြံလိုက်စားသူအရေအတွက်သည် ၁၉၉၉ခုနှစ်တွင် သန်း၇၀ခန့်ရှိနိုင်သည်ဟု တရုတ်အစိုးရက ခန့်မှန်းခဲ့ကြောင်း IFFRAS က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly