ပါကစ္စတန်စစ်တပ်က အစိုးရ၏ နောက်ကွယ်တွင် ဂျာနယ်လစ်များအပေါ် တင်းကျပ်စွာ ချုပ်ကိုင်နေ

ပါကစ္စတန်စစ်တပ်က အစိုးရ၏ နောက်ကွယ်တွင် ဂျာနယ်လစ်များအပေါ် တင်းကျပ်စွာ ချုပ်ကိုင်နေ

ပါကစ္စတန်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် သတင်းမီဒီယာအပေါ် နှောင့်ယှက်ဒုက္ခပေးမှုများ ထပ်မံ မလုပ်ဆောင်ရန် ပါရီအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က သတိပေးလိုက်သည်။ မီဒီယာအပေါ် နှောင့်ယှက်တိုက်ခိုက်ခြင်းက ပါကစ္စတန်၏ ဒီမိုကရေစီစနစ်အပေါ် အပြင်းအထန် ထိခိုက် စေလိမ့်မည် ဖြစ်ကြောင်း RSF က ပြောသည်။

ဧပြီလကုန်ပိုင်းက ရှာဘတ်ဇ် ရှာရစ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း စစ်တပ်နှင့် ပတ်သက်သော အေဂျင်စီများက ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှု ဖြစ်စဉ် ၉ခုအထိ ရှိခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တို့က မှတ်တမ်းပြုစုထားသည်။

“ပြီးခဲ့တဲ့ နှစ်လအတွင်း RSF က မှတ်တမ်းတင်ထားတဲ့ နှောင့်ယှက်ဒုက္ခပေးခံရမှု ဖြစ်စဉ်တွေမှာ တူညီတာ တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ခြုံငုံကြည့်ရရင် သက်ဆိုင်ရာ ဂျာနယ်လစ်အားလုံးဟာ ပါကစ္စတန်ရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍအပေါ် ဝေဖန်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်” ဟု RSF ၏ အာရှ-ပစိဖိတ်ဗျူရို အကြီးအကဲ ဒန်နီယယ် ဘတ်စ်တာ့ဒ်က ပြောသည်။

“စစ်တပ်ဟာ ဆန်းစစ်ဝေဖန်ရေးသားတဲ့ ဂျာနယ်လစ်တွေအပေါ် ခြိမ်းခြောက်ဖို့ အဓိက ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေခဲ့တယ် ဆိုတာကို ဒေတာအချက်အလက်တွေကနေ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဘယ်လိုမှ သည်းခံနိုင်စရာ မရှိတဲ့ ဒီလို စွက်ဖက်မှု ပုံစံမျိုးကို ချက်ချင်း ရပ်ဆိုင်းရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါအနေနဲ့ ပါကစ္စတန်မှာ မီဒီယာလွတ်လပ်ခွင့် ကျဆင်းမှုအတွက် တိုက်ရိုက် တာဝန်ခံရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

မကြာသေးခင်က ပါကစ္စတန်၏ သတင်းမီဒီယာတစ်ခုဖြစ်သည့် BOL News ၏ အစီအစဉ်တင်ဆက်သူ ဆာမီ အီဘရာဟင်သည် အစ္စလမ်မာဘတ်မြို့ မယ်လိုဒီ အရပ်ဧရိယာရှိ တီဗွီချန်နယ် စတူဒီယိုများ၏ အပြင်ဘက်၌ လူသုံးဦး၏ ရန်ပြုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်သူများသည် ၎င်းကို နှောင့်ယှက်တိုက်ခိုက်ရန် ရုပ်သံချန်နယ် အပြင်ဘက်၌ ၎င်းထွက်အလာကို စောင့်နေခဲ့ကြပြီး အခင်းနေရာကို ဗီဒီယိုရိုက်ကူးနေခဲ့ကြောင်း နောက်တစ်နေ့တွင် အီဘရာဟင်က သူ၏ Youtube ချန်နယ်တွင် ဗီဒီယိုတစ်ခု တင်ပြီး ပြောခဲ့သည်။ ယင်းနောက် အဆိုပါ တိုက်ခိုက်သူများသည် နိုင်ငံပိုင် ယာဉ်တစ်စီး၏ အမှတ်အသားဖြစ်သည့် အစိမ်းရောင် လိုင်စင်နံပါတ်ပြားပါ ကားတစ်စီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly