ကမ္ဘာ့နိုင်ငံများက Huawei ကွန်ရက်ကို သတိထားနေပြီး သူလျှိုမှုစွဲချက်များဖြင့် ပိတ်ပင်ရန် စဉ်းစားနေ

ကမ္ဘာ့နိုင်ငံများက Huawei ကွန်ရက်ကို သတိထားနေပြီး သူလျှိုမှုစွဲချက်များဖြင့် ပိတ်ပင်ရန် စဉ်းစားနေ

ကမ္ဘာ့နိုင်ငံအများအပြားသည် သူလျှိုမှုစွဲချက်များအကြား၌ တရုတ်ထိပ်တန်းကုမ္ပဏီ Huawei ၏ 5G ကွန်ရက်နည်းပညာကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အခက်ကြုံနေသည်။

အချို့နိုင်ငံများတွင် Huawei သည် ထုတ်ကုန်များနှင့် 5G ကြိုးမဲ့ကွန်ရက်ပိတ်ပင်မှု၊ လုံခြုံရေးစိစစ်မှုနှင့် ဆက်စပ်ငြင်းပယ်မှုများကို ရင်ဆိုင်နေရကြောင်း ဗယ်လာရီယိုဖက်ဘရီက Geopolitica.info တွင် ရေးသားထား သည်။ ကုမ္ပဏီ၏ ထုတ်ကုန်များတွင် တရုတ်အစိုးရက သူလျှိုလုပ်ရန် အသုံးပြုနိုင်သည့် လုံခြုံရေးယိုပေါက်များ ပါဝင်နိုင်သည်ဟု နိုင်ငံအများအပြားက စွပ်စွဲထားကြသည်။ 

ထို့ပြင် Huawei သည် နိုင်ငံခြားနည်းပညာကုမ္ပဏီများထံမှ ဉာဏပစ္စည်းပိုင်ဆိုင်မှုကိုလည်း ခိုးယူကြောင်း တချို့ နိုင်ငံများက စွပ်စွဲကြသည်။ ထိုသို့သော အတားအဆီးများရှိနေသော်လည်း နိုင်ငံအများအပြားသည် 5G ကြိုးမဲ့ ကွန်ရက်ပရောဂျက်များနှင့် ဆက်စပ်အခြေခံအဆောက်အအုံအတွက် အလားအလာ သို့မဟုတ် အတည်ပြု ရွေးချယ်မှုတစ်ခုအဖြစ် Huawei နှင့် ဆက်လက်လက်တွဲနေကြသည်။

အမေရိကန်နှင့် ဆက်ဆံရေးနီးကပ်သော မဟာမိတ်နိုင်ငံ ၈ နိုင်ငံက Huawei ကုမ္ပဏီအား အတိအလင်း တားမြစ်ထားသည်ဟု ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်ထုတ် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ဆိုင်ရာ နိုင်ငံခြားဆက်ဆံရေးအစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခုနှစ် မေလတွင် ကနေဒါနိုင်ငံက ရှန်ကျန်းအခြေစိုက် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei နှင့် ZTE တို့ကို ၎င်း၏ 5G ကွန်ရက်ဝန်ဆောင်မှုပေးခြင်းအား တားမြစ်ထားသည်ဟု ဖက်ဘရီကဆိုသည်။

အမေရိကန်တရားရေးဌာန (DOJ) သည် Huawei အား ဘဏ်လိမ်လည်မှုနှင့် ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူမှုဖြင့် တရားစွဲဆိုခဲ့သည်။ စွဲချက် ၁၃ ချက်တွင် DOJ သည် Huawei ၏ ဘဏ္ဍာရေးအရာရှိချုပ်၊ မန်ဝမ်ကျိုး နှင့် ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချမှု၊ ဘဏ်နှင့် ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှု၊ အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို မထီမဲ့မြင်ပြုမှုနှင့် တရားမျှတမှုကို အဟန့်အတားဖြစ်စေသည့် ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခဲ့သည်ဟု Geopolitica.info ၌ဖော်ပြထားသည်။

တရုတ်အစိုးရသည် ကမ္ဘာတစ်ဝှမ်းရှိလူများအား စူးစမ်းရန် Huawei ထုတ်ကုန်များကို အသုံးပြုသဖြင့် လုံခြုံရေး ဆိုင်ရာစိုးရိမ်မှုများကြောင့် နိုင်ငံအများအပြားသည် တရုတ်ဟာ့ဒ်ဝဲလ်များကို အသုံးမပြုကြရန် သတိပေး ခဲ့ကြောင်း ဖက်ဘရီက ရေးသားထားသည်။

ပစိဖိတ်ဒေသတွင် ဩစတြေးလျသည် Huawei နှင့် ZTE ကို 5G ကွန်ရက်အတွက် ပစ္စည်းများပံ့ပိုးခြင်းအား တားမြစ်ထားသည်။

ပြင်သစ်ကလည်း Huawei စက်ပစ္စည်းများ သက်တမ်းကုန်ဆုံးပါက လိုင်စင်သစ်ချပေးတော့မည်မဟုတ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာများအား အသိပေးခဲ့ကာ ကုမ္ပဏီအား ရုပ်သိမ်းစေခဲ့သည်။

ဗီယက်နမ်က Huawei ကို တားမြစ်ခြင်းမရှိသော်လည်း ဝန်ဆောင်မှုပေးသူများသည် ၎င်း၏ 4G နှင့် 5G ကွန်ရက်များကို အသုံးမပြုကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly