ပါကစ္စတန် ဆွန်နီနိုင်ငံရေးပါတီ ခေါင်းဆောင် သေနတ်ဖြင့် ပစ်သတ်ခံရ

ပါကစ္စတန် ဆွန်နီနိုင်ငံရေးပါတီ ခေါင်းဆောင် သေနတ်ဖြင့် ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ မြောက် ဝါဇီရစ္စတန်ဒေသ၌ ဆွန်နီ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည့် Jamiat Ulema-i-Islam-Fazl (JUI-F) ပါတီ၏ ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် ညပိုင်းက မီရာလီမြို့အနီး၌ မည်သူမည်ဝါမှန်း မသိရသော တိုက်ခိုက်သူများ၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

ပါတီ ခေါင်းဆောင်ဖြစ်သည့် ကာရီ ဆာမီယူဒင် နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဟာဖစ် နူမန် ဒါဝါ တို့သည် အသတ်ခံရမည့်နေ့က အီဒက်ခ် ကျေးရွာရှိ နေအိမ်သို့ ပြန်လာခဲ့စဉ် ဘီချီ လမ်းပေါ်၌ ၎င်းတို့၏ ကား ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများက ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် နှစ်ဦးစလုံးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ကာရီ ဆာမီသည် မည်သူတစ်ဦးတစ်ယောက်နှင့်မှ ရန်ငြှိုးရန်စ မရှိကြောင်း ဆွေမျိုးများက ပြောသည်။ 

၎င်း၏ နာရေး ဆုတောင်းမှု အစီအစဉ်ကို ကျမ်းစာသင်ကျောင်းတစ်ကျောင်း၌ ပြုလုပ်ခဲ့ပြီး အမျိုးသား လွှတ်တော်အမတ် မိုဆင် ဒါဝါနှင့် လူအများအပြား တက်ရောက်ခဲ့ကြသည်။

ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် သီတင်းပတ်တစ်ပတ်အတွင်း မငြိမ်မသက်ဖြစ်နေသော ဒေသ၌ JUI-F ပါတီ ခေါင်းဆောင်ပိုင်းအပေါ် ပစ်မှတ်ထားသည့် ဒုတိယမြောက် တိုက်ခိုက်မှု ဖြစ်သည်။
 
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က အီဒက်ခ် ကျေးရွာနေ JUI-F ပါတီ၏ ရွေးကောက်ခံ ကောင်စီဝင် မာလစ် မာတာဇာကို အမည်မသိ သေနတ်သမားများက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားထားခဲ့သည်။

သူသည် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲများ၏ ဒုတိယအဆင့်တွင် ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly