ပါကစ္စတန်တွင် ဇွန်လအတွင်း အမျိုးသမီး ၁၅၇ ဦး ပြန်ပေးဆွဲခံရပြီး ၁၁၂ ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရ

ပါကစ္စတန်တွင် ဇွန်လအတွင်း အမျိုးသမီး ၁၅၇ ဦး ပြန်ပေးဆွဲခံရပြီး ၁၁၂ ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရ

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လတစ်လတည်းအတွင်း အမျိုးသမီး ၁၅၇ ဦး ပြန်ပေးဆွဲခြင်းခံခဲ့ရပြီး အမျိုးသမီး ၁၁၂ ဦးမှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ကျူးလွန်ခြင်းကို ခံခဲ့ရကာ ၉၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

ရေရှည် လူမှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (SSDO) နှင့် သုတေသန၊ ဖွံ့ဖြိုးမှုနှင့် ကွန်မြူနစ်ကေးရှင်း စင်တာ (CRDC) တို့က အစီရင်ခံစာတစ်ရပ်ကို ပြုစုခဲ့ရာတွင် ပါကစ္စတန်၌ အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များ မြင့်တက် နေခြင်းနှင့်အတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပိုင်းတွင် မြင့်တက်လာနေသော အလားအလာ တစ်ခု ရှိနေသည်ဟု ထောက်ပြထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်တွင် အိမ်တွင်း အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၁၀၀ ခန့် ရှိခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ကလေးငယ် ၁၈၀ ဦးခန့်သည် လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက် အကြမ်းဖက် ခြင်းကို ခံခဲ့ရသည်။ ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှု ဖြစ်စဉ်စုစုပေါင်း ၉၃ ခု အထိဖြစ်ပွားခဲ့သလို ပြန်ပေးဆွဲ ခံရမှု ဖြစ်စဉ် ၆၄ ခု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုဖြစ်စဉ် ၃၇ ခုတို့ ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ပန်ဂျပ်ပြည်နယ်၌ ဇွန်လအတွင်း ပြန်ပေးဆွဲမှုဖြစ်စဉ် ၁၀၈ ခု ဖြစ်ပွားခဲ့သလို ဇွန်လအတွင်း ဆင်းဒ်ပြည်နယ်၌ ပြန်ပေးဆွဲမှုဖြစ်စဉ် ၂၂ ခု ၊ အစ္စလမ်မာဘတ်၌ ၁၇ ခု ၊ ခိုင်ဘာ ပက်ခ်တွန်ခဝါ၌ ၆ ခုနှင့် ဘာလိုချီစတန်၌ ၄ ခုတို့ အသီးသီး ဖြစ်ပွားခဲ့သည်။

ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီးများ ကိုယ်ထိလက်ရောက် စော်ကားအကြမ်းဖက်ခံရမှုဖြစ်စဉ် ၆၆ ခု ဖြစ်ပွားခဲ့ပြီး ယင်းနောက်တွင် ဆင်းဒ်ပြည်နယ်၌ ၂၇ ခု ၊ ခိုင်ဘာ ပက်ခ်တွန်ခဝါ၌ ၁၁ ခုနှင့် အစ္စလမ်မာဘတ်၌ ၈ခု အသီးသီး ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly