ဂျုံတင်ပို့မှု သဘောတူညီချက်ကို ယူကရိန်းနှင့် ရုရှက တူရကီ၌ လက်မှတ်ရေးထိုး 

ဂျုံတင်ပို့မှု သဘောတူညီချက်ကို ယူကရိန်းနှင့် ရုရှက တူရကီ၌ လက်မှတ်ရေးထိုး 

ဇူလိုင်လ ၂၃ ရက်

ယူကရိန်း၏ ပင်လယ်နက်မှ ဂျုံတင်ပို့မှုကို ဖွင့်လှစ်ရန် ယူကရိန်းနှင့် ရုရှတို့သည် တူရကီနှင့် ကုလသမဂ္ဂတို့နှင့်အတူ သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို သောကြာနေ့၌ လက်မှတ်ရေးထိုးသည်။ 

ပင်လယ်နက်မှ ဂျုံတင်ပို့မှုအား ရုရှက ပိတ်ဆို့ထားခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေရခြင်း ဖြစ်သည်။ 

ယခု သဘောတူညီချက်သည် ငါးလနီးပါးကြာ တိုက်ပွဲ၌ ယူကရိန်းနှင့် ရုရှတို့အတွက် ပထမဆုံး အဓိက သဘောတူညီချက်တစ်ရပ်ပဲ ဖြစ်သည်။ 

အားစိုက်ထုတ် ပင်ပန်းရသည့် စေ့စပ်ညှိနှိုင်းမှုအချို့ ပြုလုပ်ပြီးနောက်တွင် ရုရှနှင့် ယူကရိန်းကိုယ်စားလှယ်များသည် တူရကီနှင့် ကုလသမဂ္ဂတို့နှင့်အတူ သီးသန့်စီဖြစ်သော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ 

ရုရှ၏ ပင်လယ်နက်ပတ်လည်က မည်သို့သော ‘ရန်စမှုမျိုး’ကိုမဆို လျင်မြန်သော စစ်ရေးတုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အဆိုပါ လက်မှတ်ရေးထိုးပွဲ မတိုင်မီ ယူကရိန်းက သတိပေးပြီး ရုရှအတိုင်းပင် စာချုပ်အတူတူ၌ လက်မှတ်မထိုးနိုင်ကြောင်း ငြင်းဆန်သည်။ ယင်းကြောင့် သီးခြားစီဖြစ်သော သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ 

“ဒီကနေ့ဟာ ပင်လယ်နက်မှာ မီးပြတိုက် အချက်ပြတာပါပဲ၊ မျှော်လင့်ချက်ရဲ့ မီးပြတိုက်ပါ၊ ဖြစ်တန်ရာတွေရဲ့ အချက်ပြချက်၊ ပြေလည်ရာ ပြေလည်ကြောင်းရဲ့ အချက်ပြချက်ပဲ ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ပြောသည်။ 

ကုလသမဂ္ဂနှင့် တူရကီတို့၏ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ဖော်ဆောင်သော ယခု သဘောတူညီချက်အားဖြင့် သတ်မှတ်ထားသော ပင်လယ်နက်ဆိပ်ကမ်း သုံးခုနှင့် အိုဒက်ဆာပတ်လည်ကို ယူကရိန်းသင်္ဘောများ အဝင်အထွက် လုပ်နိုင်မည့် ဘေးကင်းလုံခြုံရေးစင်္ကြံ ထူထောင်ပြီ ဖြစ်သည်။ 

အဝင်အထွက် သင်္ဘောများအား မတိုက်ခိုက်ရန် နှစ်ဖက်စလုံးက ကတိကဝတ် ပြုကြသည်။ 

“ဒါဟာ ဒေဝါလီခံရမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အငတ်ဘေးနှုတ်ခမ်းဝ ရောက်နေတဲ့ အားနည်းသူတွေအတွက် သက်သာရာ သက်သာကြောင်း ဆောင်ကြဉ်းလာမှာ ဖြစ်ပါတယ်”ဟု ဂူတာရပ်စ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly