သိမ်ဖြူဈေးမှ Zaw Zaw Mobile ဖောက်ထွင်းခံရပြီး ဖုန်းအလုံးရေ ၈ဝ ကျော်နှင့် ငွေသားများ ခိုးယူခံရ

သိမ်ဖြူဈေးမှ Zaw Zaw Mobile ဖောက်ထွင်းခံရပြီး ဖုန်းအလုံးရေ ၈ဝ ကျော်နှင့် ငွေသားများ ခိုးယူခံရ

 ဇူလိုင် ၂၃

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးရှိ Zaw Zaw Mobile ဖုန်းဆိုင်သည် ဇူလိုင်လ ၂၂ ရက် မနက်အစောပိုင်းအချိန်က ဖောက်ထွင်းခံရပြီး ဖုန်းအလုံးရေ ၈ဝ ကျော်နှင့် ငွေသားများ ခိုးယူခံလိုက်ရကြောင်း ယင်းဆိုင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆိုင်မှ ထုတ်ပြန်ထားသည့် စာရင်းအရ ခိုးယူခံလိုက်ရသည့်ဖုန်းများထဲတွင် MacBook Pro၊ iPhone နှင့် ဖုန်းအမျိုးအစားအစုံပါဝင်ပြီး ဖုန်းအလုံးပေါင်း ၈၈ လုံးနှင့် ငွေသား ကျပ်သိန်း ၂ဝ ကျော် ခိုးယူခံခဲ့ရခြင်းဖြစ်ရာ ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၆ဝဝ ဝန်းကျင်ရှိကြောင်း Zaw Zaw Mobile က ထုတ်ပြန်ထားသည်။

နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသားနှင့် ဝတ်ဆင်လာသည့် ပုဆိုးဖြင့် ဦးခေါင်းနှင့် မျက်နှာကို ခြုံထားသည့် အမျိုးသားတို့နှစ်ဦးက ဖုန်းအရောင်းအဝယ် အလဲအထပ် ပြုလုပ်သည့် Zaw Zaw Mobile ၏ သိမ်ဖြူမြို့နယ် ဆိုင်ခွဲအတွင်းသို့  ဇူလိုင်လ ၂၂ ရက်၊ မနက် ၅ နာရီကျော်အချိန်က ဖောက်ထွင်းဝင်ရောက်ကာ ဆိုင်အတွင်းရှိ ပစ္စည်းများကို အိတ်အမည်းနှစ်လုံးဖြင့် ယူဆောင်သွားသည်ကို ဆိုင်ရှိ CCTV မှတ်တမ်းတွင် တွေ့ရသည်။

ဆိုင်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ချိန် အဆိုပါအမျိုးသားနှစ်ဦး၏ မျက်နှာကို ဖမ်းယူရမိထားသည့် CCTV မှတ်တမ်းပုံများကိုလည်း ထုတ်ပြန်ထားပြီး CCTV မှတ်တမ်းထဲမှ ဖုန်းခိုးယူသူများကို သိရှိပါက ဆိုင်မန်နေဂျာ၏ ဖုန်းအား ကူညီဆက်သွယ်ပေးရန်လည်း ကြေညာထားသည်။

အာဏာသိမ်းမှု တနှစ်ကျော်လာချိန် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ယခုကဲ့သို့ ဖောက်ထွင်းခိုးယူမှု၊ ဓားပြတိုက်မှု၊ လုယက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်များအတွင်း လူသေဆုံးမှုပါရှိနေသည်။

#Mizzima
#ရန်ကုန်တိုင်း
#မင်္ဂလာတောင်ညွန့်မြို့နယ်
#ဖုန်းဆိုင်ဖောက်ထွင်းခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly