ကန့်ဘလူမြို့နယ် ကျီစုကျေးရွာသား ၁၁ ဦးကို အစ္စလာမ်ဘာသာဝင် PDF များ သတ်သည်ဆိုခြင်းမှာ သတင်းမှား

ကန့်ဘလူမြို့နယ် ကျီစုကျေးရွာသား ၁၁ ဦးကို အစ္စလာမ်ဘာသာဝင် PDF များ သတ်သည်ဆိုခြင်းမှာ သတင်းမှား

ဇူလိုင် ၊ ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာမှ ရွာသား ၁၁ ဦးကို အစ္စလာမ်ဘာသာဝင် PDF များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟုဆိုသော ဘာသာရေးပဋိပက္ခကိုဦးတည်နေသည့်သတင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ ထိုအကြောင်းအရာမှာ မှားယွင်းနေသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်မှစတင်၍ “ကန့်ဘလူမြို့နယ် ကျီစုကျေးရွာ ဖြစ်စဥ်အမှန် ကျီစုရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၏ကားနှင့် ပရဟိတကားများကို Pdf များက သိမ်းယူခဲ့တယ်။ ကျေးရွာမှာ ကျောင်းဆရာမမိသားစုဝင်များကို pdf များက ဖမ်းဆီးနှိပ်စက် ခဲ့ပါသည်။ PDF အကြမ်းဖက်သမားများသည် ကျည်စုရွာအတွင်းရှိ ဗလီ ၂ လုံးတွင် ပစ်ကျင်းများ၊ ဘန်ကာ များတည်ဆောက်ပြီး အခိုင်အမာလုပ်ဆောင်ထားခဲ့သည်။ ကျီစုရွာမှ pdf အမည်ခံများသည် ကျည်စုရွာ သား ၁၁ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသည်။ ကျီစုရွာသည် ဗမာများနှင့် အစ္စလာန်ဘာသာဝင်များ နေထိုင်ကြပြီး ဗမာ ၁၁ ယောက်ကိုဖမ်းဆီးသတ်ဖြတ်သော pdf များမှာ အစ္စလာန်ဘာသာဝင်များဖြစ် သည်။ တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းစဥ် ကျီစုရွာဗလီအတွင်း ဘန်ကာများဆောက်လုပ် နေရာယူထားသော pdf အစ္စလာန်များက စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဘာသာရေးနှင့်မသက်ဆိုင်ပဲ pdf များကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရှင်းလင်းခဲ့ခြင်းသာ ဖြစ်ကြောင်းတင်ပြအပ်ပါသည်” ဟု (မူရင်းအရေးအသားအတိုင်း) ဖြန့်ဝေ ထားသည်။

ဇူလိုင် ၂၀ ရက်နေ့က BBC ၏ သတင်းဖော်ပြမှုကို ပြန်လည်ဆန့်ကျင်တုံ့ပြန်ထားခြင်းလည်း ဖြစ်သည်။

ထိုအကြောင်းကို စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေပြီး စစ်ကောင်စီကိုထောက်ခံသည့် ဖေ့ဘုတ်အကောင့်များတွင်လည်း ပြန်လည်ဖြန့်ဝေလျက်ရှိနေသည်။

BBC ၏ သတင်းဖော်ပြမှုတွင် ဒေသခံများ၊ ဒေသကာကွယ်ရေးတပ်များ၏ ပြောကြားချက်များအရ  စစ်ကောင်စီတပ်များ စစ်ကြောင်းပြန်ထွက်သွားအပြီး အသတ်ခံရသည့် ရွာခံများ၏အလောင်းများကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အခြားလွတ်လပ်ပြီး ယုံကြည်ရသည့်မီဒီယာများဖြစ်သည့် လွတ်လပ်သည့်အာရှအသံ (RFA)၊ ဧရာဝတီမြန်မာပိုင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)တို့မှလည်း ဒေသခံများနှင့်ဆက်သွယ် မေးမြန်းအတည်ပြုပြီး သတင်းရေးသားထားသည်။ ထိုဖော်ပြချက်များတွင် စစ်ကောင်စီတပ်များ ရွာထဲမှ ထွက်သွားပြီးနောက်တွင် ရွာသားများ၏ရုပ်အလောင်းများတွေ့ရှိကြောင်း တညီတညွှတ်တည်း ဆိုသည်။

တဖန် RFA ၏သတင်းဖော်ပြမှုတွင် “သတ်ဖြတ်ခံရသူ ၁၀ ဦးဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကိုခင်မောင်ဆန်းနဲ့ ကိုနေဇာထွန်း၊ အသက် ၂၇ နှစ်အရွယ် ကိုစိုးအောင်၊ အသက် ၂၃ နှစ်အရွယ် ကိုအောင်ဝင်းဌေး၊ အသက် ၂၂ နှစ်အရွယ် ကိုစိုးမိုးအောင်နဲ့ကိုအောင်စိုးဝင်း၊ အသက် ၂၀ အရွယ် ကိုမိုးသင်း၊ အသက် ၄၀ အရွယ် ကိုမောင်ကြီးနဲ့ အသက် ၄၅ နှစ်အရွယ် ကိုတင်ကြွေတို့ဖြစ်ပြီး ကျန် တစ်ဦးအမည်ကိုတော့ မသိရသေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။” ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီမဝါဒဖြန့်နေသကဲ့သို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာတွင်  အစ္စလာမ်ဘာသာဝင် PDF များမှ ရွာသားများကို သတ်ဖြတ်သည်ဆိုသည်မှာ မှားယွင်းနေသည့်အပြင် သေဆုံးသူများမှာလည်း အစ္စလာမ်ဘာသာဝင်များသာဖြစ်သည်။ အမှန်တကယ်ဖြစ်ပျက်သည့် အသတ်ခံရ သည့်ဖြစ်စဉ်များအပေါ်အခြေပြု၍ အချက်အလက်များကို လွဲမှားဖော်ပြထားသည့် သတင်းတုသာဖြစ်သည်။

အသတ်ခံရသည့်ကျေးရွာသားများမှာ မြန်မာ ၁၁ ဦးဖြစ်ပြီး အစ္စလာမ်ဘာသာဝင် PDF များမှ ဖမ်းဆီးသတ် ဖြတ်သည်ဟုဆိုကာ ထိလွယ်ရှလွယ်ဖြစ်သည့် လူမျိုးရေးဘာသာရေးဖြင့်နှီးနွယ်ပြီး ပုံဖျက်တိုက်ထားခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကျီစုရွာကို စစ်ကောင်စီတပ်များမှ ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ် ရဟတ်ယာဉ်များဖြင့်ဝင်ရောက်ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားအချို့က ရွာအတွင်းဝင်ရောက်မီးရှို့ပြီး နေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် ရွာသားရုပ်အလောင်း ၂၀ ကျော် တွေ့ရှိခဲ့ပြီး၊ ရွာသား ၅၀ ကျော် ပျောက်ဆုံးနေကြောင်း VOA ၏ သတင်းဖော်ပြချက်အရ သိရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်း ဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required