လူဦးရေ ၄၀ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်ရှိနေကာ ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

လူဦးရေ ၄၀ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်ရှိနေကာ ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဇူလိုင် ၂၂

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ ယခု ၂၀၂၂ခုနှစ်တွင် လူဦးရေ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင်ရောက်ရှိနေကာ ဆယ်စုနှစ် တစ်စုစာကြိုးပမ်းမှုဖြစ်သည့် ဆင်းရဲမှုလျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ဇူလိုင် ၂၁ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၂ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ခုနှစ်တွင် ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူထောင်ရေးဆောင်ရွက်ချက်များအား သိသိသာသာအနှောင့်အယှက်ဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ပိစေသော ကုန်သွယ်လိုင်စင်ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်ခြင်းနှင့် နိုင်ငံခြားငွေများကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟူသော စည်းကမ်းသတ်မှတ်လိုက်ခြင်းတို့ကြောင့် အဓိက ပြည်ပသွင်းကုန် သွင်းအားစုများ နှောင့်နှေးပြတ်တောက်သွားစေကာ ပြည်ပပို့ကုန်သမားများအား အခက်အခဲတွေ့စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

လတ်တလော ထုတ်ပြန်သော ကန့်သတ်ချက်များအား ဖြေလျော့ပေးခြင်း၊ ဖြေလျော့ပေးမှုများအား တဖန်ပြန်လည်ရုပ်သိမ်းခြင်း စသည်ဖြင့် မူဝါဒညွှန်ကြားချက် အသစ် အသစ်များ အလျင်အမြန်ချမှတ်နေခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် မရေရာမှုများ မြင့်တက်လာနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အိမ်ထောင်စုဝင်ငွေလျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ခုသာခံသာစေမယ့် နည်းလမ်းတွေ နည်းလာခြင်း၊ ပြည်တွင်းပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပိုမိုဆင်းရဲလာခြင်းဆိုတဲ့ အကြောင်းအချက်တွေက မြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုစွမ်းအားကို ဆက်လက်စိန်ခေါ်နေပါလိမ့်မယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုသည် မပြောပလောက်သည့် အနည်းငယ်သောနှုန်းဖြင့် သွားနေသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ လုပ်ငန်းခွင်လှုပ်ရှားသွားလာမှုမြင့်တက်လာခြင်း၊ လက်လီဆိုင်ကြီးများနှင့် သယ်ယူပို့ဆောင်ရေးဂိတ်များကြောင့် လုပ်ငန်းများ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သော်လည်း ဝယ်ယူသုံးစွဲနိုင်မှုဆိုင်ရာ ညွှန်းကိန်းများမှာမူ အားနည်းနေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ မတ်လတွင် CPI ငွေကြေးဖောင်းပွမှုနှုန်း ၁၇ ဒသမ ၃ရာခိုင်နှုန်းရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ထို့အပြင် ကာလတိုမှ ကာလလတ်အထိ ပြည်တွင်းအစားအစာ၊ လောင်စာဆီနှင့် အခြားသော ပြည်ပသွင်းကုန်သွင်းအားစုဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ခြေရှိသောကြောင့် ကုန်ထုတ်လုပ်မှုနှင့် သုံးစွဲနိုင်မှုကို အဟန့်အတားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သွင်းကုန်အစားထိုးခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းသွပ်သွင်းအားပေးခြင်းကြောင့် ဆယ်စုနှစ်တစ်ခုစာ မြန်မာ့စီးပွားရေးတိုးတက်မှု၏ အားကောင်းမောင်းသန် တွန်းအားများ ဖြစ်စေခဲ့သော ပွင့်လင်းမှု၊ ဖြေလျော့မှုတို့ကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းသာဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ပုံစံအတိုင်းဆက်လက်သွားနေဦးမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုအားနည်းနေဦးမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ကို ဆက်လက်ထိခိုက်စေမည်ဖြစ်ကာ မြန်မာ့စီးပွားရေးတိုးတက်မှုအလားအလားများအား ကာလရှည်ကြာ အတားအဆီးဖြစ်စေတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

#mizzima

#ကမ္ဘာ့ဘဏ်

#အတားအဆီး

#ဆက်လက်ထိခိုက်

#ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်

#နောက်ပြန်လှည့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required