အဓမ္မဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များအပေါ် ထိရောက်စွာ အရေးယူရန် ပါကစ္စတန် တရားရုံးများ ပျက်ကွက်နေ

By The Print
21 July 2022
အဓမ္မဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များအပေါ် ထိရောက်စွာ အရေးယူရန် ပါကစ္စတန် တရားရုံးများ ပျက်ကွက်နေ

ပါကစ္စတန်နိုင်ငံတွင် တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် ကျောင်းသားများပင် ပြန်ပေးဆွဲခံရခြင်းနှင့် အဓမ္မဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားခြင်း ဖြစ်စဉ်များက ပုံမှန်ဖြစ်နေကျကဲ့သို့ ဖြစ်လာနေသော်လည်း တရားရုံးများအနေဖြင့် ထိုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်လာနေခြင်းကို အလုံးစုံ ရပ်တန့်စေရန် မည်သည့် ခိုင်မာ သည့် လုပ်ဆောင်ချက်များကိုမှ လုပ်ဆောင်ထားနိုင်ခြင်း မရှိသေးပေ။

မကြာမီက နိုင်ငံ၌ ပျောက်ဆုံးနေသူများကို ပြန်လည်ရှာဖွေရာတွင် အစိုးရဘက်က ပျက်ကွက်ပါက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ကိုယ်တိုင် တရားရုံးရှေ့မှောက် လာရောက် ဖြေရှင်းချက်ပေးရမည်ဟု အစ္စလမ်မာဘတ် ဗဟိုတရားရုံးက ညွှန်ကြားခဲ့သော်လည်း စစ်တပ်ကို တစ်စုံတစ်ရာ မေးခွန်းထုတ်ခဲ့ခြင်း မရှိပေ။

အဆိုပါ အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးမှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် စစ်တပ် ရှိနေသည့် အချက်ကြောင့် ပါကစ္စတန် အစိုးရအနေဖြင့် သင့်လျော်သည့် လုပ်ထုံးလုပ်နည်း ယန္တရားတစ်ခုကို တီထွင်ဖန်တီး နိုင်စွမ်း မရှိဘဲ ဖြစ်နေသလို တရားရုံးများအနေဖြင့်လည်း စစ်တပ်အဖွဲ့အစည်းကို ဖက်ပြိုင်အရေးယူရန် သတ္တိ ကင်းမဲ့နေခဲ့သည်။ ယင်းအတွက်ကြောင့် စစ်တပ်အရာရှိများသည် မည်သည့်အခါကမှ တရားရုံးများ၏ မေးမြန်း စုံစမ်းခြင်းကို
မခံရခြင်းဖြစ်သည်ဟု Asia Lite မီဒီယာက ဖော်ပြသည်။

နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် ပါကစ္စတန်အစိုးရသည် ပြီးခဲ့သည့် ဆယ်စုနှစ်အကြာက အတင်းအကျပ် ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုဖြစ်စဉ်များ စုံစမ်းစစ်ဆေးရေး ကော်မရှင် (COIED) ကို ခန့်အပ်တာဝန်ပေးခဲ့သည်။ ယင်းကော်မရှင်သည် တိုင်ကြားချက် အမှုဖြစ်စဉ်ပေါင်း ၈၄၆၃ ခုကို လက်ခံရရှိခဲ့သော်လည်း အမှန်တကယ် ကိန်းဂဏန်းများက ယင်းထက် အတော်ပင် ပိုများနေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ ကော်မရှင်က ဖြစ်စဉ်များ၏ သုံးပုံ တစ်ပုံထက် ကျော်လွန်ပြီး ခြေရာကောက်နိုင်ခြင်း မရှိခဲ့ပေ။

အတင်းအကျပ် ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုဖြစ်စဉ်များ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် တရားမျှတမှုကို ဆောင်ကြဉ်းထောက်ပံ့ရန် ပျက်ကွက်ထားခဲ့သလို အတင်းအကျပ် ဖမ်းဆီး ပျောက်ဆုံးမှုများ၏ နောက်ကွယ်ရှိ အစစ်အမှန် အင်အားစုဖြစ်သည့် ပါကစ္စတန်စစ်တပ်ကို တာဝန်ခံခိုင်းစေရန် တရားရုံးများက ပျက်ကွက်လျက် ရှိရာ ယင်းအခြေအနေအပေါ် လူ့အခွင့်အရေးအဖွဲ့များနှင့် ဒီမိုကရေစီ အခွင့်အရေး ဦးဆောင်လှုပ်ရှားသူများက အားမလို အားမရ ဖြစ်ရကြောင်း ထုတ်ဖော်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly