ပါကစ္စတန်၌ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဟန်ချက်မညီခြင်းအတွက် ယခင်အစိုးရများကို ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ပြစ်တင်

ပါကစ္စတန်၌ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဟန်ချက်မညီခြင်းအတွက် ယခင်အစိုးရများကို ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ပြစ်တင်

ပါကစ္စတန်၏ ယခင်အစိုးရများသည် နိုင်ငံ၌ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဟန်ချက်မညီမှု ဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြကြောင်း တေရက်-အီ-အင်ဆက်ဖ်ပါတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ပြစ်တင်ပြောကြားကာ လက်ရှိ အစိုးရကို ထောက်ခံမှုပေးသည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ၎င်းက စစ်တပ်ကို တိုက်တွန်းခဲ့သည်။

ပါကစ္စတန် ပြည်သူ့ပါတီ (PPP) နှင့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီတို့၏ အစိုးရများသည် အဂတိလိုက်စားမှု အမှုများမှ လွတ်မြောက်နိုင်စေရန် စစ်တပ်အဖွဲ့အစည်းအသိုင်းအဝိုင်းကို နေရာပေးခဲ့ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ခြင်းသည် အရပ်သားခေါင်းဆောင်ပိုင်းနှင့် စစ်တပ်အကြား ဟာကွက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်ဟု အီမရန် ခန်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု၌ ပြောခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အဆိုပါ ဆွေးနွေးပွဲကို ပန်ဂျပ်ပြည်နယ်၏ အရေးကြီးသော ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ တစ်ရက် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို ကြားဖြတ်ရွေးကောက်ပွဲတွင် ခန်း၏ ပါတီသည် ပြည်နယ်တစ်ဝန်း ပန်ဂျပ်လွှတ်တော်အမတ်နေရာ ၂၀ အတွက် ယှဉ်ပြိုင်ခဲ့သည်။

“ဒီလို ဟန်ချက်မညီ၊ တစ်ဖက်စောင်းနင်း ဖြစ်မှုကြောင့်ပဲ ခုချိန်မှာ စစ်တပ်အသိုင်းအဝိုင်းဟာ သူတို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်တွေကို သဘောမပေါက်နိုင်တော့တဲ့ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါပြီ” ဟု ခန်းက ပြောသည်။ အယုံအကြည်မရှိ အဆို တင်သွင်းခံရခြင်း၏ ရလဒ်ကြောင့် ၎င်း၏အစိုးရ ဖြုတ်ချခံရပြီးနောက် ၎င်း၏ ပါတီ ဖြိုခွင်းနှိမ်နင်းခံရမှုကို ခန်းက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ အားနည်းတဲ့ စစ်တပ်တစ်ခု အဖြစ်မခံနိုင်ပါဘူး။ ဒါကို ကျွန်တော်တို့ ကာကွယ်ရပါမယ်။ တကယ်လို့ စစ်တပ်နဲ့ ပြည်သူအကြား အလှမ်းဝေးကွာမှုက ဆက်လက်မြင့်တက်နေမယ်ဆိုရင်တော့ အဲဒါက နောက်ဆုံးကျရင် စစ်တပ်နဲ့ နိုင်ငံကိုပဲ ထိခိုက်နစ်နာစေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“ကျရှုံးတဲ့ အစိုးရတစ်ရပ်ကို ထောက်ခံအားပေးတာက ပြည်သူနဲ့ စစ်တပ်အသိုင်းအဝိုင်းအကြား ကွာဟမှုကို ပိုပြီး ကျယ်ဟစေပါလိမ့်မယ်။ စစ်တပ်အသိုင်းအဝိုင်းအနေနဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုနဲ့ ထိခိုက်ပျက်ပြားစေတဲ့ ဝေဖန်မှုတို့ကို ခွဲခြားသိသင့်ပါတယ်” ဟု ခန်းက လက်ရှိ အစိုးရဖြစ်သည့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရကို ရည်ညွှန်းပြောဆိုခဲ့သည်။

ပါကစ္စတန်သည် လက်ရှိတွင် အတိမ်းအစောင်းမခံသည့် အဆင့်တစ်ခုတွင် ရောက်နေပြီး ယနေ့အချိန်ကာလတွင် “မှန်ကန်သော ဆုံးဖြတ်ချက်များ” ကို ချမှတ်ရန် အလွန်အရေးကြီးကြောင်းနှင့် စစ်တပ်အသိုင်းအဝိုင်းအနေဖြင့် လက်ရှိအစိုးရကို ထောက်ခံသည့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သင့်ကြောင်း ခန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required