တရုတ်ပံ့ပိုးထားသည့် ရထားလမ်းစီမံကိန်းများအတွက် ချေးငွေ ရရှိရေး ပြန်လည်ညှိနှိုင်းရန် ဖိလစ်ပိုင်သမ္မတ ညွှန်ကြား

တရုတ်ပံ့ပိုးထားသည့် ရထားလမ်းစီမံကိန်းများအတွက် ချေးငွေ ရရှိရေး ပြန်လည်ညှိနှိုင်းရန် ဖိလစ်ပိုင်သမ္မတ ညွှန်ကြား

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အမေရိကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ မီးရထားလမ်း စီမံကိန်းများအတွက် တရုတ်နှင့်သဘောတူညီထားပြီးဖြစ်သော ချေးငွေများရရှိရေးအတွက် ပြန်လည်ညှိနှိုင်းရန် ပို့ဆောင်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၆ ရက်တွင် ပြောကြားလိုက် သည်။

သမ္မတဟောင်း ဒူတာတေးအစိုးရ၏ ချေးငွေတောင်းခံမှုအပေါ် ထုတ်မပေးခဲ့သည့် စီမံကိန်း ၃ ခုအတွက် တရားဝင်ဖွံ့ဖြိုးရေး အကူအညီချေးငွေ သဘောတူညီချက်များကို တရုတ်အစိုးရက ရုပ်သိမ်းလိုက်သလိုရှိကြောင်း သယ်ယူပို့ဆောင်ရေး လက်ထောက်အတွင်းဝန် ဆီဇာချာဗက်က ပြောကြားခဲ့သည်။

ဆိုဘစ်-ကလက်မီးရထားလမ်းစီမံကိန်း၊ ဖိလစ်ပိုင်အမျိုးသားမီးရထားလမ်းတောင်လုံ-ဟောစီမံကိန်းနှင့် မင်ဒါနာ အို မီးရထားလမ်း၏ ဒါဗါအို-ဒီဂိုလမ်းအပိုင်းစီမံကိန်းများပါဝင်သည့် ဖိလစ်ပိုင် ပီဆို ၂၇၆ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်းများအတွက် အခြားနည်းလမ်းဖြင့် ငွေကြေးရရှိနိုင်မည့် နည်းလမ်းများကိုလည်း ထည့်သွင်း စဉ်းစား နေကြောင်း ချာဗက် က ပြောကြားခဲ့သည်။

ရွေးချယ်စရာများတွင် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက အရင်းအနှီးရရှိရေး ကြိုးပမ်းနေ သည်ဟု ၎င်းက ဆိုသည်။

'ရထားလမ်းပိုင်းနဲ့ ပတ်သက်ပြီး တရုတ်-ဖိလစ်ပိုင် ပူးပေါင်း ဆောင်ရွက်မှု ဆက်ရှိနေမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ တရုတ်က ဖိလစ်ပိုင်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်'ဟု အမည်မဖော်လိုသူ တရုတ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ကီလိုမီတာ ၁၁၀ဝကျော်ရှိခဲ့သော်လည်း ဖိလစ်ပိုင်တွင် ၂၀၁၆ခုနှစ်အထိ ရထားလမ်း ၇၇ ကီလိုမီတာသာ ရှိပြီး အာရှတစ်လွှားရှိ အခြားမြို့များနှင့် နှိုင်းယှဉ်ပါက နောက်ကျနေကြောင်း အစိုးရ အချက်အလက်များက ဖော်ပြနေသည်။

တောင်တရုတ်ပင်လယ်တွင် ကာလကြာရှည် နယ်မြေပိုင်နက် အငြင်းပွားမှုကို ဘေးဖယ်ထားခဲ့ပြီး အခြေခံ အဆောက်အအုံစီမံကိန်းအတွက် အကူအညီ၊ ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များ အပါအဝင် ဒေါ်လာဘီလီယံပေါင်းများစွာနှင့် အလဲအလှယ်ပြုသည့်အနေဖြင့် တရုတ်နှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေး ရှိခဲ့သော သမ္မတဒူတာတေးအစိုးရလက်ထက် ၂၀၁၈ခုနှစ်တွင် ရထားလမ်း စီမံကိန်းများအတွက် စေ့စပ်ညှိနှိုင်း မှုများ စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly