မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDF/PDF ထံ အလင်းဝင်

မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDF/PDF ထံ အလင်းဝင်

ဇူလိုင် ၂၁

ချင်းပြည်နယ် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များရှိ နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာနယ်မြေဒေသအသီးသီးရှိ ဒေသခံကာကွယ်ရေး တပ်များဖြစ်သည့် CDF/PDF တို့ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။

မင်းတပ်မြို့ နယ်မြေခံတပ်ရင်း(၂၇၄)မှ တပ်သားဟိန်းမင်းနိုင်သည် ဇူလိုင် ၁၈ ရက် နေ့တွင် MA-1 တစ် လက်၊ ကျည်ပေါက် ငါးခု၊ ကျည် ၂၇၀ တောင့်နှင့်အတူ PDF-ကျောက်ထုအဖွဲ့ထံ CDM ပြုလုပ်လာသည့် အတွက် အဆိုပါတပ်သားအား ဆုကြေးငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း PDF ကျောက်ထုက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မတူပီမြို့ နယ်မြေခံတပ်ရင်း ခမရ(၃၀၄)မှ တပ်သားဖြိုးဝေဦးသည် CDF မတူပီထံ အလင်းဝင် ရောက်လာခဲ့သဖြင့် CDF မတူပီက လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးလိုက်ကြောင်း ဇူလိုင်လ ၁၈ ရက် နေ့က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇူလိုင်လ ၂၀ ရက်ကလည်း ကန်ပက်လက်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ပြည့်ဆန်းနောင်မှ G-3 လက်နက်ဖြင့် အလင်းဝင်ရောက်လာသဖြင့် ၎င်း၏သဘောဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ကန်ပက်လက်-CDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

အဆိုပါ ရဲတပ်သားပြည့်ဆန်းနောင်သည် CDM ပြုလုပ်လိုသည့်အတွက် ပြီးခဲ့သည့်ဇွန်လ ၂၃ ရက် နေ့က CDF ကန်ပက်လက်ထံသို့ ဆက်သွယ်လာခဲ့သဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းအား CDF ကန်ပက်လက်မှ ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ဆုကြေး သိန်း ၆၀ ကျပ်ပေးအပ်ခဲ့သည်။

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် ကျောက်ထု ၊ CDF_ကန်ပက်လက်

#Mizzima

#ချင်းပြည်နယ်

#မင်းတပ်

#မတူပီ

#ကန်ပက်လက်

#CDF

#PDF

#အလင်းဝင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly