ပါကစ္စတန်၌ အသက်မပြည့်သေးသည့် ကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်သည့် အမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရ

20 July 2022
ပါကစ္စတန်၌ အသက်မပြည့်သေးသည့် ကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်သည့် အမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရ

ပါကစ္စတန်နိုင်ငံတွင် အသက်မပြည့်သေးသည့် ယောကျ်ားလေးနှစ်ဦးကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အမျိုးသားတစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်။

ညှဉ်းပန်းနှိပ်စက်ခံရသည့် ကလေးနှစ်ဦးအနက် တစ်ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဓိကသံသယရှိသူ တရားခံဖြစ်သည့် အဘူ ဟက်ဆန်သည် စစ်ဘက်ကာကွယ်ရေး အိမ်ရာအဖွဲ့ (DHA) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ၎င်း၏ နေအိမ်၌ အိမ်အကူအဖြစ် ခိုင်းစေသည့် ကလေးလုပ်သား ယောကျ်ားလေး နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။ သူသည် ထိုကလေးငယ်နှစ်ဦးနှင့် မောင်နှမတော်စပ်သည့် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို လက်ထပ်ချင်ခဲ့သူ ဖြစ်ကြောင်း လာဟိုး ရဲတပ်ဖွဲ့က ပြောသည်။

ဘဟာဝယ်ပူရ် ခရိုင်တွင် နေရာတစ်ခုအား ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်က တရားခံဖြစ်သူကို တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရဲများက အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလည်း တွေ့ခဲ့ပြီး သူမသည် အထက်ပါ ညှဉ်းပန်းနှိပ်စက်ခံ ယောကျ်ားလေးနှစ်ဦးနှင့် မောင်နှမတော်စပ်နေသည်ကို သိရှိခဲ့ရကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ညှဉ်းပန်းနှိပ်စက်ခံရသည့် ကလေးငယ်နှစ်ဦးအနက် အသက် ၁၀ နှစ်အရွယ် ကမ်ရန်အမည်ရ ယောကျ်ားလေးတစ်ဦးသည် အလုပ်ရှင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သလို ၎င်း၏ ညီငယ်ဖြစ်သည့် အသက် ၆ နှစ်အရွယ် ရစ်ဇ်ဝမ်သည်လည်း ဒဏ်ရာများ ရရှိခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ အဘူ ဟက်ဆန်သည် မွတ်စလင် သူတော်စင်တစ်ဦး ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်းနှင့် ကလေးများ၏ ဖခင်ဖြစ်သည့် ဟိုင်ဒါရာဘတ် ဒေသခံ အာဖန်သည် ဟက်ဆန်ထံ လာရောက်ခဲ့ဖူးသည်ဟု သိရသည်။

အဓိက သံသယတရားခံ အဘူ ဟက်ဆန်သည် ဒီရာ ဂါဇီ ခန်းမြို့တွင် နေထိုင်သော မွတ်စလင် သူတော်စင်တစ်ဦး ဆိုသူ၏ နောက်လိုက်တစ်ဦး ဖြစ်ကြောင်း လာဟိုးမြို့ စုံစမ်းစစ်ဆေးမှုဌာန ရဲအရာရှိ  ကမ်ရန် အဒီလ်က ပြောသည်။ ၎င်း၏ မွတ်စလင် သူတော်စင် (ဒီရာ ဂါဇီ ခန်းတွင် နေထိုင်သူ) က ၎င်းကို အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်စေရန် ဆန္ဒရှိနေခဲ့ကြောင်း ဟက်ဆန်က အာဖန်ကို ပြောခဲ့သည်ဟု ကမ်ရန် အဒီလ်ကို ကိုးကားလျက် Dawn သတင်းစာက ဖော်ပြသည်။

ယင်းနောက် အာဖန်သည် ၎င်း၏ အသက်မပြည့်သေးသည့် သမီးဖြစ်သူကို စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း သဘောတူခဲ့ပြီး အဓိက သံသယတရားခံ၏ နေအိမ်တွင် စီစဉ်ပြုလုပ်ခဲ့သည့် “ဘာသာရေး အခမ်းအနား” တစ်ခု၌ မိန်းကလေးကို ဟက်ဆန်ထံ လွှဲပေးခဲ့ကြောင်း ကမ်ရန် အဒီလ်က ပြောသည်။

ဒီရာ ဂါဇီ ခန်းတွင် နေထိုင်သော သူတော်စင်ဆိုသူနှင့် ဟက်ဆန်အကြား ဖုန်းပြောဆိုမှု မှတ်တမ်းတစ်ခုကို ရဲတပ်ဖွဲ့က ရရှိခဲ့ပြီးနောက် ယခုဖြစ်စဉ် အသေးစိတ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကမ်ရန် အဒီလ်ကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly