စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား ပုဒ်မ ၁၃၀(က)အမှုအတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား ပုဒ်မ ၁၃၀(က)အမှုအတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်

ဇူလိုင်လ ၂၀ ရက်

စစ်ကောင်စီက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက အောင်မြေသာစံမြို့နယ်အတွင်း မဲမသမာမှုပြုလုပ်သည်ဟုဆိုကာစွပ်စွဲထားသော ပုဒ်မ ၁၃၀(က) အမှုအတွက် ယနေ့ ဇူလိုင် ၂၀ ရက်တွင် ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်ကြောင်း အိုးဘိုထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကို ပြောသည်။

ယနေ့ ချမှတ်လိုက်သည့် ပုဒ်မ ၁၃၀(က)အမှုသည် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် နောက်ဆုံးတရား ရင်ဆိုင်ရသည့် အမှုဖြစ်သည်။

“ ဒီနေ့မှာ ဒေါက်ဇော်ကို ပုဒ်မ ၁၃၀(က)အမှုအတွက် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ပါပြီ။ ဒါက ဒေါက်ဇော် နောက်ဆုံးရင်ဆိုင်ပြီးစီးခဲ့တဲ့ အမှုပေါ့။ ဆက်လက်ရင်ဆိုင်ဖို့ အမှုတွေပြတ်ပါပြီ မရှိတော့ပါဘူး။ အမိန့်ချတာကို ဒေါက်ဇော်က သိပ်ကျေနပ်ပုံ မပေါ်ဘူးပေါ့ဗျာ။ သူ့အနေနဲ့ ဘာဆက်လုပ်မလည်းဆိုတာ တော့ မသိရဘူး။ အယူခံဆက်တက်မလား မတက်မလားပေါ့။ အဂတိပုဒ်မတွေအတွက်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံဆက်တက်ဖို့ ဆောင်ရွက်နေပါတယ်” ဟု သတင်းအရင်း အမြစ်က ပြောသည်။

ယနေ့ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင်၏ညီမဖြစ်သူ ထောင်ဝင်စာလာရောက် တွေ့ဆုံခဲ့ပြီး၊ ၀န်ကြီး ချုပ်၏ကျန်းမာရေးအခြေအနေမှာလည်း အမြင်အားဖြင့် ကောင်းမွန်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၀န်ကြီးချုပ်ကို ပုဒ်မကိုးခုဖြင့် ဖမ်းဆီးစွပ်စွဲထောင်ချခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရသည်။

အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာသည် ၀န်ကြီးချုပ်အား စစ်ကောင်စီကစွပ်စွဲထားသော ပုဒ်မ ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်၊ အမရပူရ မြို့နယ်အတွင်း မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ စွပ်စွဲထားသော ပုဒ်မ၁၇၁(စ)အမှုအတွက် ထောင်ဒဏ် တစ်နှစ်၊ အောင်မြေသာစံမြို့နယ်အတွင်း မဲမသမာမှုပြုလုပ်သည်ဟုဆိုကာစွပ်စွဲထားသော ပုဒ်မ ၁၃၀(က) အမှုအတွက် ထောင်ဒဏ် သုံးနှစ်၊ အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly