အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တက်နေပြီး စျေးကွက်အတွင်း ပစ္စည်းပြတ်ကာ ဝယ်ယူရခက်ခဲနေ

အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တက်နေပြီး စျေးကွက်အတွင်း ပစ္စည်းပြတ်ကာ ဝယ်ယူရခက်ခဲနေ

ဇူလိုင်လ ၂၀ ရက်

ပြည်တွင်း၌ အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တက်နေပြီး ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်ကာ ဝယ်ယူရ ခက်ခဲနေကြောင်း သိရသည်။

အိမ်သုံးဆေးဝါးများ လက်ကားဖြန့်ချိသည့် နေရာများတွင် လိုအပ်သည့်အရေအတွက်အတိုင်း ဝယ်ယူရန် ခက်ခဲနေကြောင်းသိရသည်။

“ ဆေးလက်ကားရောင်းတဲ့ ဗိုလ်ချုပ်ဈေး၊ မင်္ဂလာဈေးနဲ့ တခြားလက်ကားဆိုင်ပြီးတွေမှာ ဝယ်ရင်တောင် ကိုယ်ရချင်တဲ့အရေအတွက် မရဘူးဖြစ်နေတယ်။ နောက်ပြီး ဆေးတွေပြတ်လပ်နေတာကြောင့် ဈေး လည်းတက်နေတယ်” ဟု ဗဟန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ပြည်ပမှဆေးအဝင်နည်းသည့်အတွက် ပြည်တွင်း၌ အိမ်သုံးဆေးဝါးမျိုးစုံ ဈေးမြင့်တက်လာ ကြောင်းရန်ကုန်မြို့ရှိ ဆေးဆိုင်များမှစုံစမ်းသိရှိရသည်။

ဆေးဈေးနှုန်းများမှာ ဆေးအမျိုးအစားအပေါ်မူတည်ပြီး ယခင်ကထက် ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့အပြင် လူသုံးများသည့် အကိုက်အခဲပျောက်ဆေး၊ အအေးမိတုပ်ကွေးပျောက်ဆေးမှာ ယခင်က ၃၀၀၊ ၄၀၀ ကျပ်ဝန်းကျင်မှ ယခုအခါ ၈၀၀ ဝန်းကျင်အထိ မြင့်တက်သွားကြောင်း သိရသည်။

“လူသုံးများတဲ့ ဆေးဝါးတွေက ဈေးအရမ်းမတက်ပေမယ့် ပျှမ်းမျှပြောရရင် အရင် ၁၀၀၀ အောက်မှာ ရှိတဲ့ဆေးတွေက အခု ၁၀၀၀ ဝန်းကျင်ရောက်နေပြီ။ နောက်ပြီး ဝယ်ယူမှုများတဲ့ ပိုးသတ်ဆေး၊ နှလုံးဆေး၊ ဆီးချိုသွေးချို၊ ကျောက်ကပ်၊ အစာအိမ်ဆေးတွေလည်း ဈေးတက်နေပြီ။ ပြောရရင် အားလုံးနီးပါး ဈေး တက်တယ်။ ပစ္စည်းပြတ်တာက ပိုဆိုးတယ်။ ဈေးတက်တာက တက်တဲ့ဈေးနဲ့ရောင်းလို့ဝယ်လို့ရတယ်။ ပစ္စည်းပြတ်ရင် အကုန်ဒုက္ခရောက်မှာ” ဟု ဆေး လက်လီ၊ လက်ကားဖြန့်ချိနေသည့် ဆေးဆိုင်ပိုင်ရှင် တစ်ဦး ကမဇ္ဈိမကိုပြောသည်။

ထို့ပြင် အချို့သောဆေးများမှာ ပြည်ပမှအဝင်နည်းသည့်အတွက် ဆေးကုမ္ပဏီများ၊ ဆေးလက်ကား ဆိုင်များမှ ခွဲတမ်းဖြင့်ချပေးနေကြောင်းလည်း ၎င်းကဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက သွင်းကုန်များအား ကန့်သတ်ပိတ်ပင်ထားပြီး ထိုအထဲတွင် ဆေးနှင့်ဆေး ပစ္စည်းတင်သွင်းခွင့်ပါမစ်များကိုလည်း ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ထိုကဲ့သို့ ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်ပါမစ်များကိုလည်း ဆိုင်းငံ့ထားခြင်းအပြင် ပါမစ်လျှောက်ရာ တွင်လည်း ကြန့်ကြာမှုများရှိနေသောကြောင့် ပြည်တွင်း၌ ဆေးဝါးများဈေးနှုန်းမြင့်တက်နေပြီး စျေးကွက် အတွင်း ဝယ်ယူရခက်ခဲကာ ပစ္စည်းပြတ်နေခြင်းနှင့် ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly