တိဗက်ဗုဒ္ဓဘာသာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းနေကြောင်းကို တရုတ်ပြည်သူအများစုက နားလည်ထားကြောင်း ဒလိုင်းလားမား ပြောကြား

By Daily Exclesior
19 July 2022
တိဗက်ဗုဒ္ဓဘာသာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းနေကြောင်းကို တရုတ်ပြည်သူအများစုက နားလည်ထားကြောင်း ဒလိုင်းလားမား ပြောကြား

အိန္ဒိယနိုင်ငံ ဒါရမ်ရှာလာမြို့မှ ဂျမူးသို့ ဇူလိုင် ၁၄ ရက်က ရောက်ရှိစဉ် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ၎င်းသည် တရုတ်နိုင်ငံအတွင်း၌ လွတ်လပ်ရေးကို ရှာဖွေနေခြင်းမဟုတ်ဘဲ အဓိပ္ပါယ်ပြည့်ဝ သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တိဗက်ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုထိန်းသိမ်းရန် ကြိုးစားနေကြောင်းကို တရုတ်ပြည်ရှိ လူအများစုက နားလည်သဘောပေါက်ကြသည်ဟု ပြောသည်။

“တရုတ်လူမျိုးတွေသာမကဘဲ တရုတ်အစိုးရရဲ့ သဘောထားတင်းမာသူများကလည်း မိမိကို ခွဲထွက်ရေး သမားအဖြစ်ရှုမြင်ကြပါတယ်။ အခုချိန်မှာတော့ မိမိဟာ တရုတ်ပြည်တွင်း၌ လွတ်လပ်ရေးကို ရှာဖွေနေခြင်း မဟုတ်ဘဲ အဓိပ္ပါယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တိဗက်ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ ကြိုးစားနေကြောင်းကို တရုတ်နိုင်ငံသားအများအပြားက သဘောပေါက်လာကြပါပြီ” ဟု ဒလိုင်းလားမားက သတင်းထောက်များကို ပြောခဲ့သည်။

တရုတ်လူမျိုးများက တိဗက်ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှုမရှိတော့သည်ကိုလည်း စိတ်မကောင်းဖြစ်မိကြောင်းနှင့် တိဗက်ဗုဒ္ဓဘာသာသည် အမှန်တကယ်အားဖြင့် အသိပညာနှင့် အစဉ်အလာများဖြင့်ပြည့်စုံပြီး အလွန်သိပ္ပံနည်းကျ သော ဘာသာရေးဖြစ်သည်ကို တချို့ တရုတ်ပညာရှင်များက သဘောပေါက်ကြသည်ဟု ဒလိုင်းလားမားက ဆိုသည်။

ဒလိုင်းလားမားသည် ဂျမူးနှင့်ကက်ရှ်မီးယားနှင့် ပြည်ထောင်စုနယ်မြေ လာဒက်ဒေသ လယ်ဟာမြို့တို့သို့ ၂ ရက်ကြာခရီးသွားရောက်ခဲ့ရာ ယခုခရီးစဉ်သည် ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် သူ၏ ပထမဆုံး တရားဝင်ခရီးလည်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီက မကြာသေးမီက ကျရောက်ခဲ့သော ဒလိုင်းလားမား၏ ၈၇ နှစ်မြောက်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးသည့်အပေါ် တရုတ်က အိန္ဒိယအနေဖြင့် တိဗက်နှင့်ဆက်စပ်သော ကိစ္စရပ်များကိုအသုံးချပြီး တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်သင့်ကြောင်း ပြစ်တင်ပြောဆိုခဲ့ရာ ယခုခရီးစဉ်သည် တရုတ်ကို အမျက်ဒေါသထွက်စေနိုင်သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကလည်း တရုတ်၏ဝေဖန်မှုကို ပယ်ချလိုက်ပြီး ဒလိုင်းလားမားအား အိန္ဒိယတွင် ဧည့်သည်တော်အဖြစ်ဆက်ဆံရန်မှာ အစိုးရ၏ မပြောင်းလဲသော မူဝါဒဖြစ်ကြောင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required