မြိတ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

By ကိုရွှေမြိတ်
18 July 2022
မြိတ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

တနင်္သာရီ၊ ဇူလိုင်လ၊ ၁၈

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်ရှိ မြို့နယ် နှစ်ခုတွင် စစ်ကောင်စီနှင့် နီးစပ်သူ အမျိုးသားနှစ်ဦး ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းတို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ယင်းမြို့နယ်များရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် အမျိုးသား နှစ်ဦးသည် မြိတ်မြို့နယ် တုံးဗျောကြီး ကင်းတပ်ရွာ ရာအိမ်မှူးနှင့် လောင်းလုံးမြို့နယ် ညင်းမော်ရွာနေ ပျူစောထီး သွေးသောက် အဖွဲ့ဝင်ဟု နာမည်ထွက်နေသူတို့ဖြစ်သည်ဟု ယင်းမြို့ခံများထံမှ သိရသည်။

မြိတ်မြို့နယ် တုံးဗျောကြီး ကင်းတပ်ရွာ ရာအိမ်မှူး ဦးဒူဘိုင်သည် စစ်ကောင်စီနှင့် နီးစပ်သူ တစ်ဦးဖြစ်ကာ ၎င်းကို ဇူလိုင်လ ၁၇ ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် ကိုယ်ပိုင်အိမ်စီးကားဖြင့် ထွက်လာစဉ် ရွာလမ်းဆုံတွင် အမည်မသိ လူငယ်တစ်စုက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လောင်းလုံးမြို့နယ် ညင်းမော်ရွာရှိ ပျူစောထီး သွေးသောက်အဖွဲ့ဝင်ဟု သတင်းထွက်နေသည့် ဦးကျော်စိုး ဆိုသူလည်း ယင်းနေ့ ည ၈ နာရီ အချိန်တွင် နေအိမ်တွင် ပစ်သတ်ခံခဲ့ရသည်။

အဆိုပါ ဦးကျော်စိုးဆိုသူသည် စစ်ကောင်စီက လက်နက် တပ်ဆင်ပေး ထားသူတစ်ဦးဖြစ်ကြောင်း၊ ပျူစောထီး သွေးသောက်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်ဟု သတင်းထွက်နေကြောင်း၊ ခါးကြားတွင် သေနတ်ထိုး၍ ရွာထဲပတ်သွားလာနေသူ တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းသည် စစ်‌ကောင်စီတပ်က အလိုရှိသည့် CDM ဝန်ထမ်းများ၊ ဆန္ဒပြလူငယ်များကို လာ‌ရောက်ဖမ်းဆီးရာတွင် ကိုယ်တိုင်လမ်းပြပေးသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဦးကျော်စိုးဆိုသူကို ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT တပ်ခွဲ (၃)၊ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) တို့မှ ရဲဘော်များက ပူးပေါင်း၍ သုတ်သင် ရှင်းလင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#တနင်္သာရီတိုင်း

#မြိတ်ခရိုင်

#ထားဝယ်ခရိုင်

#ကာကွယ်ရေးတပ်ဖွဲ့

#ပျူစောထီး

#စစ်ကောင်စီ

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly