တူမီးထီ ဆုကြေးငွေ ပြောင်းလဲသတ်မှတ်

တူမီးထီ ဆုကြေးငွေ ပြောင်းလဲသတ်မှတ်

ဇူလိုင် ၁၆

ချင်းအမျိုးသားများ တော်လှန်ရေးအတွက် ဘဏ္ဍာငွေအား ဖြည့်တင်းနိုင်ရန် ဖွင့်လှစ်ရောင်းချနေသော တူမီးထီအား အပါတ်စဉ် (၃) မှ စ၍ ဆုကြေးငွေများ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း Chin Relief Funding Program - တူမီးထီ က ဇူလိုင်လ ၁၄ ရက်နေ့ တွင်ထုတ်ပြန်သည်။

“ထီရောင်းရတဲ့အပေါ်မှာ မူတည်ပြီး ဆုကြေးငွေကလည်း တိုးမြှင့်သွားမှာ ဖြစ်တဲ့အတွက် ပထမဆုအပါအဝင် ဆုကြေငွေဘယ်လောက်ရမယ်ဆိုတာ ထီဖွင့်ခါနီးမှ သိရမှာဖြစ်ပါတယ်” ဟု တူမီးထီဖွင့်လှစ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၂၀၂၂ ခုနှစ် မှစ၍ တူမီးထီလုပ်ငန်းအား စတင်လည်ပတ်ခဲ့ရာတွင် ဆုကြေးပမာဏအတိအကျ သတ်မှတ်ပြီး လုပ်ငန်းလည်ပတ်ခဲ့သော်လည်း ယခုအပတ်စဉ်မှစ၍ ထီရောင်းရငွေ စုစုပေါင်းထဲမှ ၂၅ ရာခိုင်နှုန်းအား ဆုကြေးငွေအဖြစ် ပြောင်းလဲသတ်မှတ် သွားမည်ဖြစ်ကြောင်းဆိုသည်။

ထို့ကြောင့် “တူမီးထီရောင်းအား မြင့်မားလေ ဆုကြေးငွေ မြင့်တက်လေ” ဖြစ်ကာ အစောင်ရေ ၅၀ပြည့်တိုင်း ဆုကြေး ထပ်မံတိုးသွားမည်ဖြစ်သဖြင့် များများ ပေါက်ဖို့ များများ ထိုးကြရန် ဖိတ်ခေါ်ထားသည်။

ယခင်က ပထမဆု အမေရိကန်ဒေါ်လာ ၁,၀၀၀ ၊ ဒုတိယ ၃၀၀ ၊ တတိယ ၂၅၀ ၊ စတုတ္ထ ၂၀၀ နှင့် ပဉ္စမ ၁၂၅ ကန်ဒေါ်လာ အသီးသီး ချီးမြှင့်ခဲ့ပြီး ယခု ဇူလိုင်လ ၁၆ရက်နေ့ အထိ ရောင်းရသောပမာဏအားဖြင့် ပထမဆု ကန်ဒေါ်လာ ၃၀၀ ဆုချီးမြှင့်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထီတစ်စောင်ကို ငါးဒေါ်လာဖြင့် ကံစမ်းနိုင်ပြီး အပါတ်စဉ် (၃) ကံထူးရှင် ရွေးချယ်ပွဲအား ဇူလိုင်လ ၃၁ ရက်နေ့တွင် ထီဖွင့်လှစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့အပြင် တူမီးထီ အပတ်စဉ်(၂) မှ ရရှိသော ငွေကြေးများကို ဆုကြေးငွေများအပါအဝင် မင်းတပ်နှင့် ကန်ပက်လက် ဒေသရှိ ပြည်တွင်းစစ်ဘေးရှောင် (IDPs) များအတွက် သုံးစွဲခဲ့ကြောင်း အစီရင်ခံထားသည်။

“ကျနော်တို့ အဖွဲ့အစည်း ပုံမှန်အစည်းအဝေးမှာ လတ်တလော ဘယ်မှာ အလိုအပ်ဆုံးဖြစ်မလဲဆိုတာ ကြည့်ပြီး လှူခဲ့ကြတာပါ” ဟု အဆိုပါဒေသများအား ရွေးချယ်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ချီးမြှင့်ခဲ့သော ဆုကြေးငွေ စုစုပေါင်းမှာ ၁,၈၇၅ကန်ဒေါ်လာ ဖြစ်ပြီး မင်းတပ်မြို့နယ် IDPs အတွက် ၆၅၀ကန်ဒေါ်လာ နှင့် ကန်ပက်လက်မြို့နယ် IDPs များအတွက် ကန်ဒေါ်လာ ၆၅၀ အသီးသီး ခွဲဝေသုံးစွဲခဲ့ကြောင်း ဆိုသည်။

အာဏာရှင်စနစ်အား အပြည့်အဝ တော်လှန်နိုင်ရမည်ဟူသည့် ယုံကြည်ချက်ဖြင့် တူမီးထီကို တစိုက်မတ်မတ် အားပေးကြသည့် အယောက်စီတိုင်းအား အထူးကျေးဇူးတင် ကြောင်း CRFP - တူမီးထီမှ ပြောကြားထားသည်။

ချင်းတော်လှန်ရေး အင်အားစုများ၏ ဘဏ္ဍာငွေလိုအပ်မှုများ ပိုအားဖြည့်နိုင်ရေး တူမီးထီ များများထိုးကြရန် တိုက်တွန်းနိုးဆော်ထားသည်။

တူမီးထီသည် လောင်းကစားထီ မဟုတ်ဘဲ တော်လှန်ရေးကာလ ရန်ပုံငွေ ရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားသည့် အမည်နာမ တစ်ရပ်သာဖြစ်၍ နောင်တွင် ချင်းပြည်အစိုးရသစ် ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ် အစိုးရထံသို့ တရားဝင်အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

#Mizzima

#တူမီးထီ

#CRFP-တူမီးထီ

#ဆုကြေးငွေ

#စစ်ဘေးရှောင်

#တော်လှန်ရေးရန်ပုံငွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required