ပြည်ပချေးငွေများအား လတ်တလောမဆပ်ကြရန် စစ်ကောင်စီဗဟိုဘဏ်ညွှန်ကြားထား

By ​မေဘယ်လ်သူ
15 July 2022
ပြည်ပချေးငွေများအား လတ်တလောမဆပ်ကြရန် စစ်ကောင်စီဗဟိုဘဏ်ညွှန်ကြားထား

ဇူလိုင် ၁၅

ပြည်တွင်းနေပြည်သူများ၏ ပြည်ပချေးငွေများအား လတ်တလောပြန်လည်ပေးဆပ်ခြင်းမပြုဘဲ ဆိုင်ငံ့ထားရမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၁၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအရ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေရယူထားသည့်ပြည်ပကြွေးမြီများ၏အတိုးနှင့်အရင်းများကို ပြန်လည်ပေးဆပ်ခြင်းကို လတ်တလော ဆောင်ရွက်ခြင်းမပြုရဟု စစ်ကောင်စီက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ထိုသို့ဆိုင်းငံ့ရန် ဘဏ်များအနေဖြင့် ပြန်လည်ပေးဆပ်ရမည့်အစီအစဉ်ကို အကြွေးရှင်များဖြစ်သည့် ပြည်ပကုမ္ပဏီနှင့်အဖွဲ့အစည်းများကို ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟုလည်း ဖော်ပြသည်။

"ပြည်ပချေးငွေကိုပြန်မဆပ်နဲ့ဆိုပြီး ကန့်သတ်ထားတာဟာ စစ်ကောင်စီအနေနဲ့ အရမ်းထိန်းချုပ်ထားရာရောက်နေပြီ။ ဗဟိုဘဏ်ရဲ့ စာထဲမှာထုတ်ပြန်ထားသလို အကြွေးရှင်ဖြစ်တဲ့ ပြည်ပအကြွေးရှင်ကုမ္ပဏီတွေကို ညှိနှိုင်းမယ်ဆိုတာက နောက်မှ။ ကိုယ်က အရင်ရှင်းရမှာ" ဟု ဗဟိုဘဏ်​၏ ထုတ်ပြန်ချက်နှင့်ပက်သက်ပြီး ပြည်သူတစ်ဦးက မဇ္ဈိမကိုဖြေကြားထားသည်။

ထိုအပြင်လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ထပ်ဆင့်အကြောင်းကြားပေးမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကဆိုထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့် အထက်ပါရှိသည့် ကုမ္ပဏီများအား နိုင်ငံခြားသုံးငွေ ကန့်သတ်ချက် ကင်းလွတ်ခွင့်ပေးခဲ့သလို အဆိုပါ ကင်းလွတ်ခွင့်အားပယ်ဖျက်ကြောင်းကို ဇူလိုင်လ ၁၃ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly