ဂျာနယ်လစ်များကို နှောင့်ယှက်တိုက်ခိုက်၊ ညှင်းပန်းနှိပ်စက်မှုအပေါ် ပါကစ္စတန်သမ္မတ ရှုတ်ချ

ဂျာနယ်လစ်များကို နှောင့်ယှက်တိုက်ခိုက်၊ ညှင်းပန်းနှိပ်စက်မှုအပေါ် ပါကစ္စတန်သမ္မတ ရှုတ်ချ

ပါကစ္စတန်နိုင်ငံတွင် ဂျာနယ်လစ်များအပေါ် နှောင့်ယှက် တိုက်ခိုက်ခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုများ မြင့်တက်လာနေမှုအပေါ် အထူးတလည် စိုးရိမ်ပူပန်ကြောင်း သမ္မတ အာရစ်ဖ် အယ်လ်ဗီက ဇူလိုင် ၇ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂျာနယ်လစ်များအပေါ် အကြမ်းဖက်မှုက နိုင်ငံတကာ၏ အာရုံစိုက်မှုအောက်တွင် ကျရောက်နေပြီး ယင်းက ပါကစ္စတန်၏ ပုံရိပ်ကို စွန်းထင်းစေကြောင်း သမ္မတ အယ်လ်ဗီက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ထံ ပေးစာတစ်စောင်ထဲတွင် မှတ်ချက်ပြုထားသည်။ အလားတူညီသော ချိုးဖောက်မှုများကို အဖန်ဖန် ထပ်ဖြစ်စေရန် ယခင်အစိုးရများ၏ အရေးယူမှုမရှိဘဲ ပျက်ကွက်မှုများကို လှည့်ကွက်တစ်ခုအဖြစ် အသုံးမချသင့်ကြောင်းနှင့် ယင်းကဲ့သို့သော ရပ်တည်ချက်က အဓိပ္ပါယ်မရှိ၊ လက်ခံနိုင်ဖွယ်ရာ မရှိသော ဆင်ခြေတစ်ခု ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ကာလအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဂျာနယ်လစ်တွေအပေါ် အကြမ်းဖက်မှု ဖြစ်ရပ်တွေက ချုပ်ချယ်လိုတဲ့ ပုံသေ အတွေးအခေါ်တစ်ခုကို ထင်ဟပ်သလို အဲဒါက ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၉ မှာ အာမခံပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ဒီမိုကရေစီရဲ့ အနာဂတ်အပေါ် အနုတ်လက္ခဏာဆောင် ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်စေပါတယ်။ ပါကစ္စတန်မှာ အကြောက်တရားတွေ ဖြစ်ပေါ်စေတဲ့အပြင် အဲဒီလို လုပ်ဆောင်ချက်တွေက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံရစေသလို ကျွန်တော်တို့ နိုင်ငံရဲ့ ပုံရိပ်ကိုလည်း စွန်းထင်းစေပါတယ်” ဟု အယ်လ်ဗီက ရေးသားသည်။

၂၀၂၂ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် ပါကစ္စတန်သည် အဆင့် ၁၅၇ တွင် ရပ်တည်ခဲ့သည်။ ဂျာနယ်လစ်များအပေါ် နှောင့်ယှက်တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုနှင့် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတို့ ရှိနေခြင်းကြောင့် အထက်ပါ အညွှန်းကိန်း၌ ပါကစ္စတန်သည် အလွန်ညံ့သည့် အဆင့်ရပ်တည်ချက်တစ်ခုတွင် ရှိနေခြင်းဖြစ်သည် ဆိုပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၊ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) တို့က ၎င်းတို့၏ အစီရင်ခံစာများထဲတွင် ဖော်ပြထားကြောင်း ၎င်းက ပြောသည်။

ပါကစ္စတန်တွင် ဩဇာပါဝါကြီးသော လူစုအပေါ် ဝေဖန်ခြင်းနှင့် သဘောထား ဆန့်ကျင်ကွဲလွဲခြင်းတို့ကို နှိမ်နင်းရန် ဂျာနယ်လစ်များကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် အကြမ်းဖက်မှု စွဲချက်များဖြင့် စွဲဆိုနေမှုများ ရှိနေကြောင်း သမ္မတ အယ်လ်ဗီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly