ပါကစ္စတန် ဘာလိုချီစတန်၌ ဥပဒေမဲ့ သတ်ဖြတ်မှုများ မြင့်တက်နေ

By The Print
13 July 2022
ပါကစ္စတန် ဘာလိုချီစတန်၌ ဥပဒေမဲ့ သတ်ဖြတ်မှုများ မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် လူများကို အဓမ္မ ဖမ်းဆီး ဖျောက်ဖျက်မှုများနှင့် အဓမ္မခေါ်ဆောင်မှု ဖြစ်စဉ်များ မြင့်တက်နေသည့်အပြင် ယင်းပြည်နယ်၌ ဥပဒေမဲ့ သတ်ဖြတ်မှုဖြစ်စဉ်များသည်လည်း ဖြစ်ပွားမှု မြင့်တက်နေကြောင်း ဇူလိုင် ၂ ရက်၌ ထုတ်ဝေသော ဘာလို့ချ် လူ့အခွင့်အရေး ကောင်စီ (BHRC) အဖွဲ့၏ လစဉ် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။

ဘာလိုချီစတန်၏ ခရိုင်ဒေသအသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူ ၂၁ ဦးကို ဥပဒေမဲ့ အဓမ္မ ခေါ်ဆောင် ထားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသလို အတည်ပြုထားပြီးနှင့် အတည်မပြုရသေးသော ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံထားရသည့် အလောင်းအများအပြားကို ဘာလိုချီစတန်နှင့် လာဟိုးတို့၌ ပြန်ရှာတွေ့ထားသည်ဟု ယင်းက ဖော်ပြသည်။ အဆိုပါ အလောင်းများသည် ပျောက်ဆုံး လူပုဂ္ဂိုလ်များ ဖြစ်မည်ဟု ယုံကြည်ရသည်။

ပျောက်ဆုံးနေသူ ၂၁ ဦးကို ဘာလိုချီစတန်၏ ခရိုင်ဒေသအသီးသီးမှ လုံခြုံရေးတပ်ဖွဲ့များ သို့မဟုတ် ကိုယ်စား ဆောင်ရွက်သည့် သေမင်းတမန်အဖွဲ့တို့က အဓမ္မ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

ယခုနှစ် ဇွန်လ ၄ ရက်တွင် လုံခြုံရေး တပ်ဖွဲ့များ ကွက်တာမြို့မှ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပျောက်ဆုံး ကျောင်းသားများ၏ အမည်များမှာ ရှတ်ဇက်ဒ်၊ အာတစ်ခ် နှင့် အာမက်ဒ် တို့ ဖြစ်ကြပြီး ၎င်းတို့သည် ဘာလို ချီစတန်၏ ကာလတ်၊ ခါရန် နှင့် ခူဇ်ဒါ ခရိုင်များတွင် နေထိုင်သူများ ဖြစ်သည်ဟု ထုတ်ဖော်ထားသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် ကရာချိတက္ကသိုလ် လူမှုဗေဒဌာနမှ ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်သည့် ကာလီမူလာ နိုအာကို ကရာချိ၏ ဂျိုဟာရာဘတ် ဧရိယာမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သလို ယင်းနောက်တွင်လည်း ကရာချိတက္ကသိုလ်မှ ဘာလို့ချ် ကျောင်းသားနှစ်ဦးဖြစ်သည့် ဒိုဒါ အီလာဟီနှင့် ဂမ်ရှတ် ဂါနီတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

၎င်းတို့ကို နှိပ်စက်ညှင်းပန်းပြီး သီတင်းပတ်တစ်ပတ်ကြာ ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားခဲ့ကာ ယင်းနောက် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့၍ ဇွန်လ ၁၃ ရက်တွင် ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘက်ရှာ အာမက်ဒ် ဆိုသူ အမျိုးသားတစ်ဦး၏ သားဖြစ်သည့် ဟာဖစ်ကို ကက်ချ်ခရိုင် အက်ဘ်ဆာမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ယခုအချိန်အထိ မသိရသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် ဒေသရှိ သေမင်းတမန်အဖွဲ့တစ်ခုသည် ညီအစ်ကိုနှစ်ဦးဖြစ်သော အာရှတ်နှင့် ရှာရာဖတ်တို့ကို ပန်ဂျ်ဂါခရိုင် အစ်ဆိုင်ရွာရှိ ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ယခုအချိန်အထိ ပျောက်နေဆဲဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

ပျောက်ဆုံးနေသော ဘာလို့ချ်မျိုးနွယ်စုဝင်များ၏ ဆွေမျိုးအချို့သည် လာဟိုးမြို့၏ ဧရိယာအသီးသီးတွင် တွေ့ရှိခဲ့သည့် မည်သူမည်ဝါမသိရသေးသော လူသေအလောင်းများနှင့်ပတ်သက်သည့် သတင်းများကို စုံစမ်းလျက် ရှိသည်။ အလောင်း ၅၅ လောင်းသည် ပန်ဂျပ်ပြည်နယ်၏ ပြင်ပတွင် နေထိုင်သူများ ဖြစ်ပုံရကြောင်း ပါကစ္စတန် မီဒီယာတစ်ခုက အလေးပေး ဖော်ပြခဲ့သည့်အတွက် အဆိုပါ အလောင်းများသည် ပျောက်ဆုံး ဘာလို့ချ် မျိုးနွယ်စုဝင်များ ဖြစ်နိုင်သည်ဆိုပြီး စိုးရိမ်မှုများကို တိုးပွားစေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly