ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်၌ သတ္တုတူးဖော်မှုအတွက် နိုင်ငံခြားကုမ္ပဏီကို ကန်ထရိုက်ချပေးမှု ဒေသခံများ ဆန္ဒပြ

ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်၌ သတ္တုတူးဖော်မှုအတွက် နိုင်ငံခြားကုမ္ပဏီကို ကန်ထရိုက်ချပေးမှု ဒေသခံများ ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဂီဂစ် ဘောလ်တီစတန်ဒေသ၌ သတ္တုတူးဖော်မှုဆိုင်ရာ အငှားစာချုပ်များကို ပြင်ပ ကုမ္ပဏီတစ်ခုထံ ခွင့်ပြုပေးအပ်ခဲ့မှုအတွက် သတ္တုလုပ်ငန်းဌာနကို ဆန့်ကျင်ဆန္ဒပြရန် ဇူလိုင် ၆ ရက်တွင် ဒေသခံပြည်သူများသည် ဟွန်ဇာခရိုင် နာဆီရာဘတ်မြို့ရှိ ကာရာကိုရမ် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ကာ ၅ ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးသားများ၊ အမျိုးသမီးများ အပါအဝင် လူအများအပြား ပါဝင်ခဲ့ကြသည့် အဆိုပါဆန္ဒပြပွဲတွင် ဒေသရှိ သယံဇာတရင်းမြစ်များအတွက် ပိုင်ဆိုင်မှု အခွင့်အရေးများကို တောင်းဆိုခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ထို့ပြင် သတ္တုဌာနက နောက်ပိုင်းတွင် အငှားချမှုကို ရပ်ဆိုင်းကာ ပြည်ပမှ သတ္ထုကုမ္ပဏီတစ်ခုထံ လုပ်ကိုင်ခွင့် ပေးအပ်ခဲ့သည့်အတွက် စိတ်ထိခိုက်ရကြောင်း အဆိုပါ ဒေသခံများက ပြောသည်။

သတ္တုဌာနသည် ဒေသခံများ၏ အခွင့်အရေးများကို ပိတ်ပင်လျက်ဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ပေါင်းကြံခဲ့သည်ဟု ဆန္ဒပြသူများက စွပ်စွဲသည်။

ဆန္ဒပြပွဲကြောင့် နာဆီရာဘတ်မြို့ရှိ ကာရာကိုရမ် အဝေးပြေးလမ်းမကြီး၌ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့၍ တိုးရစ်များနှင့် ဒေသခံ ခရီးသွားများ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြသည်။

ယင်းနောက် ဆန္ဒပြသူများက ယာဉ်များ အဝေးပြေးလမ်းကို ဖြတ်သန်းနိုင်စေရန် အချိန်နာရီများ သတ်မှတ်ပြီး ဖြတ်သန်းခွင့်ပြုခဲ့သည်။

ဆန္ဒပြသူများနှင့် ဂီဂစ် ဘောလ်တီစတန် အစိုးရတာဝန်ရှိသူများအကြား မကြာမီ သဘောတူညီချက်တစ်ခု ရဖွယ်ရှိကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required