တယ်လီဂရမ်ပေါ်မှ လူသတ်ဝါဒ ဖြန့်ဖြူးနေသူများ

တယ်လီဂရမ်ပေါ်မှ လူသတ်ဝါဒ ဖြန့်ဖြူးနေသူများ

သုံးသပ်ချက် ဆောင်းပါး

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်ပတ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ ဖေ့ဘုတ်လူမှုကွန်ရက်ကုမ္ပဏီ(Meta) မှ စစ်ကောင်စီ၏ ဝါဒဖြန့်ပေ့ချ်များ၊ ရုံးစာမျက်နှာများနှင့် စစ်ခေါင်း ဆောင်များ၏ အကောင့်များကို စတင်ပိတ်သိမ်းခဲ့သည်။

အာဏာသိမ်းတပ်၏ စာမျက်နှာများဖယ်ရှားမှုနှင့်ပတ်သက်၍အကြောင်းအရာများသည် အကြမ်းဖက်မှုသွေးထိုးလှုံ့ဆော်မှုနှင့် ထိခိုက်စေမှုတွင် ပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာမူဝါဒများကို ချိုးဖောက်သည်ဟု ဖေ့စ်ဘုတ်ဘက်က ပြောခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီ၏ဝါဒဖြန့်ချိရေးယန္တရားသည် တယ်လီဂရမ်အမည်ရှိ ဆိုရှယ် မီဒီယာသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့သွားကြသည်။

တယ်လီဂရမ်သည် အသုံးပြုရလွယ်ကူပြီး စစ်ကောင်စီမှကန့်သတ်ပိတ်ပင်ထားသော ဆိုရှယ်မီဒီယာ မဟုတ်သောကြောင့် VPN ခံသုံးစရာမလိုသည့်အတွက် အာဏာသိမ်းပြီးကာလနောက်ပိုင်း အသုံးများလာ သည်ဟု ယူဆရသည်။

ထို့အတူ တယ်လီဂရမ်သည် ဖေ့စ်ဘွတ်ကဲ့သို့တင်းကြပ်မှုမရှိဘဲ ချန်နယ်များတည်ထောင်ပြီး သတင်းဝင် ရောက်ဖတ်ရှုရန် လွယ်ကူသည့်အတွက်ကြောင့်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိသူများအတွက် နေရာ ကောင်းတစ်ခုဖြစ်လာခဲ့သည်။  

 

စစ်ကောင်စီ၏ ဝှက်ထားသောလက်များ

 

တယ်လီဂရမ်ချန်နယ်များတွင် စစ်ကောင်စီက ယခင်ဝါဒဖြန့်ရာတွင် အသုံးပြုလေ့ရှိသည့်  တပ်ကြပ်ကြီး ဖိုးစည်၊ ကျော်စွာ၊ ရွှေဘ၊ ဘညွှန့်စသည့်အမည်များအပြင် အနုပညာရှင်များသွားပုပ်လေလွှင့် သတင်း များနှင့်အတူ လူပြောများလာသည့် လူသတ်ဝါဒအား ပြောင်ပြောင်တင်းတင်းအားပေးနေသူ သို့မဟုတ် လမ်းပြနေသူ  ဟန်ငြိမ်းဦးလည်း ပါဝင်သည်။

ထိုချန်နယ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့်အပြင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသည့် ပြည်သူများ၏သတင်းနှင့်ဓါတ်ပုံများကို စစ်ကောင်စီ၏ တရားဝင်ယန္တရားထက် ဆောလျင်စွာထုတ်ပြန် ကာ လူအများ၏အာရုံစိုက်မှုကိုရယူခြင်းနှင့် စစ်ကောင်စီ၏ တာဝန်မခံခေါင်းရှောင်ခြင်းလုပ်ခဲ့သည်။

တယ်လီဂရမ်ချန်နယ်များ၏တင်ဆက်မှုများတွင် စစ်ကောင်စီမှပြုလုပ်သည့် ပွဲလမ်းသဘင်များနှင့် ဝါဒ ဖြန့်သတင်းများကို တစိုက်မတ်မတ်ဖြန့်ချိနေပြီး အာဏာသိမ်းသည်ကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်နေကြ သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ပုံဖျက်တိုက်ခိုက်သလို ဟန်ငြိမ်းဦးကဲ့သို့အကောင့်များမှ အချက် အလက်ထုတ်ဖော်ပြီး ဖမ်းဆီးရန်တိုက်ရိုက်တွန်းအားပေးနေသည်။ တနည်းအားဖြင့် ဆိုသော် လူသတ်ရန်  လှုံ့ဆော်ပေးနေသည်။

ဤအရာများကို နောက်ကွယ်မှ မည်သူကကြိုးကိုင်နေပါသနည်း။ ၎င်းတို့ကိုယ်၌ကတော့ ဘယ်အဖွဲ့ အစည်း၊ ဘယ်ပုဂ္ဂိုလ်များဆီမှ တပြားတချပ်ရယူထားခြင်းမဟုတ်ကြောင်း ငွေကြေးရယူပြီး အလုပ်လုပ် ကိုင်နေခြင်း မဟုတ်ကြောင်းကို အတန်တန်ငြင်းဆိုနေပေသည်။

 

ချန်နယ်များ အချင်းချင်း မည်သို့ ချိတ်ဆက်သနည်း

 

ယခု ဆန်းစစ်ချက်အတွက် စာရေးသူက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များမှ Subscribers (သတင်းစောင့်ဖတ်သူအနည်းဆုံး ၁၀,၀၀၀ မှ ၆၀,၀၀၀ ကျော်အထိ ရှိသော အကောင့် ၂၀ ကိုလေ့လာခဲ့သည်။    

ပထမဦးစွာ Banyunt2, Kyaw Swar, မှိုင်းဝေ, People’s Voice, Sitt Kell Gyi (သတင်းတမာန်), Bo Talk, Kyaw Swar အမိမြေ, Myanmar Current Affairs စသည့် ချန်နယ်များမှ တကြိမ်တည်း တပြိုင်တည်း ပိုစ့်တင်နေခြင်းကိုတွေ့ရသည်။ ဥပမာအားဖြင့် People’s Voice မှ စတင်ဖြန့်ဝေသည့်ပိုစ့်ကို တချိန်တည်း မှာပင် အခြားချန်နယ်များတွင် forward ပြန်လုပ်ကာ ဖြန့်ဝေခြင်းမျိုးဖြစ်သည်။ နေ့ခင်းချိန်တွင်သာမက ညသန်းခေါင်အချိန်များတွင်ပါ ထိုချန်နယ်များမှ တချိန်တည်းတင်နေကြခြင်းဖြစ်သည်။ ချန်နယ်များကို ထိန်းချုပ်သူများ တူညီနေသည်လား သံသယဖြစ်ဖွယ်ရာပင်။

 

 

ထပ်မံ၍ ထိုချန်နယ်များ၏ အချင်းချင်း အပြန်အလှန် Mentions (တိုက်ရိုက် အမည်တပ်ရည်ညွှန်းခြင်း)  / Forwards ( ထပ်ဆင့်ပြန်လည် ကူးယူညွှန်းဆိုခြင်းပြုလုပ်နေသည်ကို တွေ့ရသည်။ ချန်နယ်တစ်ခုမှ တင်ထားသည့်ပိုစ့်ကို အခြားချန်နယ်များမှ ပြန်လည်မျှဝေခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းက သတင်း စောင့်ဖတ်သူ (Subscribers) နည်းသည့် ချန်နယ်များကိုလည်း အလိုအလျှောက် ကြော်ငြာပေးသော သဘောလည်းသက်ရောက်သည့် ၎င်းတို့အချင်းချင်းချိတ်ဆက်မှုပင် ဖြစ်သည်။

အမျိုးသားရေးအစွန်းရောက်တတ်ကြွလှုပ်ရှားသူများ၏ အမှတ်သင်္ကေတတခုဖြစ်သည့် ၉၆၉ကို အဆို ပါနယ်များ၏ ချန်နယ်လိပ်စာများတွင် ထည့်သွင်းအသုံးပြုလေ့ရှိကြသည်။ ထို့ပြင်အမျိုးသားရေးသည် ပထမဟူသောစာသားဖြင့် ချန်နယ်အကြောင်းများတွင် ထည့်သွင်းဖော်ပြမှုများကို တွေ့ရသည်။ ဤ သည်မှာလည်း အမျိုးသာရေး အစွန်းရောက်များ နှင့် ဆက်စပ်မှုတစ်ခုပင်ဖြစ်သည်။

 

 

စစ်ကောင်စီ၏ဝါဒဖြန့် “Ko Khant(#kkL)” ချန်နယ်မှ တရက်တည်း အများဆုံး ပိုစ့်  ၀၀ ကျော်အထိ ဖြန့်ဝေနေသည့်ကိုတွေ့ရသည်။ ထို့ပြင် “Ko Khant(#kk)” ချန်နယ်မှ တနာရီအတွင်း အများဆုံး ပိုစ့် ၅၆ ခုအထိ ဖြန့်ဝေခဲ့သည်လည်း ရှိခဲ့သည်။ ထိုမျှလောက်ထိ များပြားလှသော ပမမာဏကို အကျိုးအမြတ်မယူ တပ်မတော်ချစ်စိတ်ဖြင့် တစ်ဦးတယောက်တည်းက အသုံးပြုနေသည်မှာလည်း မည်သို့မှယုံနိုင်ဖွယ်ရာ မရှိပေ။

 

 

၎င်းချန်နယ်များ၏ Active ဖြစ်သည့်အချိန် ပိုစ့်တင်သည့် အရေအတွက်များသည့် အချိန်များသည် မနက် နာရီမှ နာရီကြားတွင်ရှိနေသည်။ ချန်နယ်များသည် ပုံမှန် တရက်လျှင် အနည်းဆုံး ငါးနာရီမှ ၁၅ နာရီ အကြာအထိ တဆက်စပ်တည်း Active ဖြစ်နေကြခြင်းဖြစ်သည်။

ကိုခန့်ချန်နယ်သည်လည်း ဟန်ငြိမ်းဦးကဲ့သို့ လူသတ်အားပေးသည့် ချန်နယ်ဖြစ်သည်။ ပို့စ်တင်သည့် အရေအတွက်အများဆုံးလည်းဖြစ်သည်။

ဝါဒဖြန့်ချန်နယ်များ၏ အချင်းချင်းဆက်စပ်မှုကိုလေ့လာခဲ့ပြီး ၎င်းတို့အချင်းချင်းအပြန်အလှန် Mentions (အမည်တပ်ရည်ညွှန်းခြင်း) / Forwards ( ထပ်ဆင့်ဖြန့်ဝေခြင်း)ဖြင့် ဆက်စပ်ဖော်ပြသည့် ချန်နယ် ၁၈၁ ခုထိ အများဆုံးရှိနေသည်။ ထိုချန်နယ်များတွင် ကျော်စွာ၊ ဟန်ငြိမ်းဦး၊ ဘညွှန့်၊ တပ်ကြပ်ကြီးဖိုးစည် တပ်ကြပ်ကြီးဖိုးကွန်း စသည့်အမည်များဖြင့် လူသိများသည့်ချန်နယ်များရှိနေသကဲ့သို့ အမည်မထွက်၊ သတင်းစောင့်ဖတ်သူ နည်းပါးပြီး မအောင်မြင်ဖြစ်ခဲ့သည့် ချန်နယ်များလည်း ပါဝင်သည်။

 ဤသည်မှာ ချန်နယ်များသာ ဖြစ်ပြီး Myanmar Army Mailbox, DGF21NewsGP ကဲ့သို့သော အချင်းချင်း အုပ်စုဖွဲ့ပြောဆိုနေသည့် အဖွဲ့များလည်း  တယ်လီဂရမ်တွင် ရှိနေသေးသည်။  

 

ဟန်ငြိမ်းဦးချန်နယ်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့သည့် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံရှိ အလုပ်သမား နှစ်ဦးကို PDF များအတွက် ငွေအတင်းအဓမ္မ ကောက်ယူနေသည်ဟု ဖော်ပြသည့်အကြောင်းအရာကို အခြား စစ်တပ်ထောက်ခံသည့် ချန်နယ် ၁၂ ခုမှ ကူးယူဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြခံရပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်များက ၎င်း၏ စက်ရုံတွင် လာရောက်ဖမ်းဆီးခဲ့ သည်။

 

ထို့ပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွဲမည်ဟု ကြေညာသည့် လူသုံးကုန်ပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များ၏ဖေ့ဘုတ်ပေ့ချ်မှကြေညာမှုများကို ဟန်ငြိမ်းဦးမှ ဖော်ပြ ပြီးနောက် နာရီပိုင်းအကြာတွင် စစ်ကောင်စီမှ ထိုလုပ်ငန်းများသို့ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းများလည်း ရှိခဲ့သည်။ 

တဖန် ၂၀၂၂ ခုနှစ် ဧပြီလ ရက်နေ့တွင် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှ MRTV-4 သရုပ်ဆောင် လည်းဖြစ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သားလည်းဖြစ်သူ ဟိန်းထက်၏ ကိုယ်ရေးအချက်အလက် များ အိမ်လိပ်စာများကို ဖော်ထုတ်ပြီး ဖမ်းဆီးရန် လှုံ့ဆော်ခဲ့သည်။ ထို့နောက် ဧပြီ ၂၈ ရက်နေ့တွင် ၎င်း၏ နေအိမ်တို့ လူတစ်စုမှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၎င်း၏ အဖိုးသေဆုံးခဲ့သည်။

 

မဇ္ဈိမ၏ လေ့လာစောင့်ကြည့်မှုများအရ တယ်လီဂရမ်တွင် သတင်းတု/မှားများ နှင့် အတည်ပြုရန် ခက်ခဲ သည့် သတင်းပျံ့နှံ့မှုများကို အများအပြားတွေ့ရပြီး ဧပြီမှ ဇွန်လအထိ သုံးလအတွင်း တယ်လီဂရမ်တွင် ပျံ့နှံ့ခဲ့သည့် အကြောင်းအရာများအနက် သတင်းတု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည့် သတင်းတု ၁၁ ခု ကို ဖော်ထုတ်ခဲ့သည်။

 

စစ်တပ်ဝါဒဖြန့်သမားများနှင့် တယ်လီဂရမ်ကို ဘာကြောင့်ကြိုက်လဲ

 

လူမှုကွန်ရက်မီဒီယာများပေါ်ရှိ အန္တရာယ်ရှိသော အရေးအသားဖြန့်ဝေမှုများကို လေ့လာနေသူတစ်ဦးက ဝါဒဖြန့်ချန်နယ်အဖြစ် စစ်ကောင်စီမှ တယ်လီဂရမ်ကိုရွေးချယ်ခြင်းမှာ  တယ်လီဂရမ်သည် အခြား ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့်ယှဉ်လျင် အကြောင်းအရာ စောင့်ကြည့်ဖယ်ရှားမှု လုပ်နိုင်စွမ်းနည်း ကြောင်း၊ Community Standard(လူမှုစံနှုန်း)ကိုချိုးဖောက်နေသည့် အကြောင်းအရာများကိုလည်း ခွင့်ပြု ထားသောကြောင့် စစ်ကောင်စီလော်ဘီများ စိတ်ကြိုက်အသုံးပြုခွင့်ရနေကြောင်း၊ ဖေ့ဘုတ်ကဲ့သို့ မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် သီးခြားမူဝါဒနှင့် စည်းကမ်းများ မရှိသေးကြောင်း၊ စာတိုပို့ခြင်း၊ အဖွဲ့လိုက်စုဝေး စကားပြောခြင်း၊ သတင်းဖတ်ရန်အတွက် ချန်နယ်များကို Subscribe လုပ်ခြင်းများကို အက်ပလီကေးရှင်း တစ်ခုတည်းနှင့် တခါတည်း အသုံးပြုခွင့်ရနေကြောင်း စသည့်အကြောင်းများကြောင့်ဟု ဆိုသည်။

ထို့ပြင် သွေးထွက်သံယိုပုံများ၊ လိင်ပိုင်းဆိုင်ရာပုံများ၊ ဗီဒီယိုများကို တယ်လီဂရမ်မှ ခွင့်ပြုထားပြီး လုံခြုံရေးအရ မိမိ၏ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက်အလက်များကိုဖျောက်ထားရခြင်းကြောင့် ခြေရာ ခံရခက်ခဲသည်။ ထို့ကြောင့် ၎င်းတို့ တင်လိုသည့် အကြောင်းအရာအားလုံးကို အထစ်အငေါ့မရှိ ဖြန့်ဝေခွင့် ရနေသည့်နေရာဖြစ်သည့်အတွက် တယ်လီဂရမ်ကို ရွေးချယ်သည့်အကြောင်း ဆိုသည်။

နောက်တစ်ခုကတော့  အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တော်လှန်ရေးအင်အားစုတွေကလည်း Encrypted Messaging App  တွေဖြစ်တဲ့ Telegram နဲ့ Signal ကို တော်တော်အသုံးများလာတယ် လုံခြုံရေးအကြောင်းပြချက်နဲပေါ့။ Telegram ကတော့ ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးလို့ရတယ် Channel  ထောင်လို့ ရတယ်၊ သတင်းတွေ ဖတ်လို့ ရတယ်၊ ဖျော်ဖြေရေးအတွက်လည်းသုံးလို့ရတယ် ဆိုတော့ Telegram ကို ပိုအာရုံစိုက်လာကြတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အာရုံစိုက်လာတာနဲ့ အမျှ စစ်တပ်ဘက်က ကောင်တွေကလည်း သူတို့ရဲ့ပစ်မှတ်ရှိတဲ့နေရာကို လိုက်ဖို့လိုလာပြီလို့ စဉ်းစားပုံရပါ တယ်။ ဒါကြောင့် ပဲ Telegram ကို ဆက်နယ်ချဲ့လာတာပါဟုလည်း ပြောသည်။

စစ်ကောင်စီ၏ တယ်လီဂရမ်တွင် ဝါဒဖြန့်ခြင်းအတွက် အောင်မြင်မှု ရှိ/မရှိအပေါ်  ၎င်းကဒီနေရာမှာ အဓိက လားရာ နှစ်ခုရှိလိမ့်မယ်၊ တစ်ခုက သူတို့ကိုဆန့်ကျင်ဘက်အဖွဲ့အစည်းကို ထောက်ခံသူတွေရဲ့ အမြင်ပြောင်းပစ်ဖို့၊ နောက်တစ်ခုက သူတို့ကိုထောက်ခံတဲ့သူတွေ ဆက်လက်ထောက်ခံရေးအတွက် ဝါဒ မှိုင်းသွင်းဖို့။ သူတို့မျှော်လင့်ထားသလို တယ်လီဂရမ်မှာဝါဒဖြန့်တာ အလုပ်ဖြစ်လားဆိုရင်တော့ ပထလားရာတစ်ခုက မအောင်မြင်ပါဘူး။ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေဟာ စစ်ကောင်စီဘက်က ဝါဒဖြန့်ချိရေးယန္တရားနဲ့ ပတ်သက်သမျှတွေကို ယုံကြည်မှုမရှိတဲ့အပြင် ရွံရှာမုန်းတီးနေကြတာပါ။ တချို့ဆိုရင် View တက်သွားမှာစိုးလို့ သွားတောင် မကြည့်ဘူးလို့ ပြောတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းထောက်ခံသူတွေကို ပစ်မှတ်ထားဝါဒဖြန့်တာ သူတို့မျှော်လင့်ထားသလို အောင်မြင်မှုမရှိပါဘူး။ ဒုတိယလားရာဖြစ်တဲ့ သူတို့ကိုထောက်ခံတဲ့သူတွေ ဆက်လက်ထောက်ခံရေး အတွက်လုပ်တဲ့နေရာမှာ အနည်းနဲ့အများအလုပ်ဖြစ်တယ်လို့ ပြောရမယ်။ Telegram ကို စသုံးတာ သိပ် မကြာသေးတဲ့ စစ်ကောင်စီလော်ဘီချန်နယ်တချို့ဟာ တစ်နှစ်မပြည့်သေးခင်မှာပဲ Subscriber ၁၀၀,၀၀၀၊ ၇၀,၀၀၀၊၀,၀၀၀ စသည်ဖြင့်ရခဲ့တာတွေကို သတိပြုဖို့ လိုပါတယ်။  နောက်တစ်ခုက Telegram ကိုသုံးပြီး ဝါဒဖြန့်ရေးတင်မကဘဲ ပြည်သူတွေရဲ့လိပ်စာကိုဖော်ထုတ်ပြီး ဖမ်းဆီးဖို့၊ သတ်ဖြတ် ဖို့၊ဒုက္ခပေးဖို့လုပ်နေတာတွေက ပြည်သူတွေအတွက်ခြိမ်းခြောက်မှုအကြီးစားဖြစ်နေပြီးတော့ စစ်ကောင်စီ အတွက်တော့ ပြည်သူတွေကိုဖိနှိပ်ဖို့ စွမ်းအားကြီးတဲ့ လက်နက် ရထားသလိုပါပဲဟု သုံးသပ်သည်။  

တခြားနိုင်ငံတွေမှာလည်း ပုံမှန်ကြားဖူးနေကျ Social Media Platform တွေ ဖြစ်တဲ့ Facebook, Twitter, Youtube တွေ ကို သုံးပြီး ဝါဒဖြန့်တာမျိုးတွေလုပ်ကြတယ်။ နောက်ပိုင်းမှာ Tiktok, VK,  Telegram တို့ Whatsapp တို့ နဲ့ တခြား App တွေ သုံးပြီး ဝါဒဖြန့်တာမျိုး လုပ်တာလည်း ရှိပါတယ်။ SMS ကနေ ဝါဒဖြန့်တို့ လူကြည့်များတဲ့ Website တွေပေါ်မှာ ဝါဒဖြန့်တဲ့ ကြော်ငြာတွေ ထည့်သွင်းတာ တို့ လုပ်လာကြပါတယ်ဟု လေ့လာသူမှ ဆိုသည်။

 

မူဝါဒပြောင်းဖို့လိုတဲ့ တယ်လီဂရမ်

 

တယ်လီဂရမ်တွင် အခြားဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေခွင့်မရသည့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများ ကို တယ်လီဂရမ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခြင်း၊ နွေဦးတော်လှန်ရေးလှုပ်ရှားသူများ၏ အချက် အလက်များကို ဖွင့်ချဖော်ထုတ်ပြီး ဖမ်းဆီးရန်လှုံ့ဆော်ခြင်းအပြင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးထိုးလှုံ့ဆော်ခြင်းများကိုတွေ့ရသည်။

တွေ့ရှိချက်များအရ ချန်နယ်များကို လူတစ်ဦးတစ်ယောက်တည်းကကိုင်တွယ်နေသည့်ပုံစံဖြင့် အသုံးပြု နေကြသော်လည်း နောက်ကွယ်တွင် ချန်နယ်အချင်းချင်းချိတ်ဆက်နေပြီး လူတစ်ဦးတစ်ယောက်တည်းမှ မည်သည့်နည်းနှင့်မျှ မပြုလုပ်နိုင်သည့် ပိုစ့်အရေအတွက်များဖြင့် ချန်နယ်များ၏ သတင်းဖြန့်ဝေမှုပုံစံ ဖြစ်သည်။ 

တယ်လီဂရမ်မှ အရေးယူပြီး ချန်နယ်ပိတ်ပင်မှုများရှိခဲ့သည်။ သို့သော်လည်း အရေအတွက်အားဖြင့် ဆိုရ သော် အလွန်ပင်နည်းပါးသည့် အရေအတွက်ဖြစ်သည်။ နာမည်ကြီး လူပြောများနေသည့် ဟန်ငြိမ်းဦး နှင့် ၎င်းနှင့်ဆက်စပ် ချန်နယ်အချို့ကိုသာ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထိုချန်နယ်နှင့်အလားတူချန်နယ်များကိုမူ သတိမမူဘဲ ဆက်လက်တည်ရှိစေခဲ့သည်။ လူအများကို အန္တရာယ်ဖြစ်စေသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ထုတ်ဖော်လှုံ့ဆော်နေပြီး သတင်းတုများ ဖြန့်ဝေနေဆဲ ဖြစ်သည့် အခြားတယ်လီဂရမ် ချန်နယ်များ ရှိနေဆဲပင် ဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များမှ အမုန်းစကားပြောဆိုမှု၊ သွေးထိုး လှုံဆော်မှု များကြောင့် မြေပြင်တွင် ထိခိုက်နစ်နာမှုများ၊ လူသေဆုံးမှုများ ဖြစ်လျက်ရှိနေသည်။ သတင်းမှားများ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနေခဲ့ပြီး တယ်လီဂရမ်မှ ထိန်းချုပ်မှု အားနည်းနေခဲ့သည်။

တယ်လီဂရမ် ကုမ္ပဏီအနေဖြင့် အခြား ပြည်တွင်းစောင့်ကြည့်လေ့လာသူများနှင့် ချိတ်ဆက်ပြီး အန္တရာယ် ရှိနေသော အရေးအသားများကို ပိတ်သိမ်းခြင်း၊ အရေးယူခြင်းများ အမြန်ဆုံးပြုလုပ်သင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly