မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်မရှိကြောင်း စစ်ကောင်စီကန့်ကွက်မှုကို ဇူလိုင် ၂၂ ရက်နေ့တွင် ICJ က အမိန့်ချမည်

မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်မရှိကြောင်း စစ်ကောင်စီကန့်ကွက်မှုကို ဇူလိုင် ၂၂ ရက်နေ့တွင် ICJ က အမိန့်ချမည်

ဇူလိုင် ၁၂

အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ) က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်မရှိကြောင်း မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်မှုကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ICJ တရားရုံးက ဆုံးဖြတ်အမိန့်ချမည် ဖြစ်ကြောင်း ICJ တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာထားသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဇူလိုင်လ ၂၂ ရက်၊ သောကြာနေ့ ဒေသစံတော်ချိန် ညနေပိုင်း ၃ နာရီတွင် စတင်ကြားနာမည်ဖြစ်သည်။

ICJ တရားရုံး၏ ဥက္ကဋ္ဌ တရားသူကြီး Joan E. Donoghue က တရားရုံး၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားမည်ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ) တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ICJ တရားရုံးက စီရင်ပိုင်ခွင့်မရှိကြောင်း စစ်ကောင်စီဘက်က ခုခံချေပခွင့်ရသည့် ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ICJ တရားခွင်တွင် စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့ခြင်းလည်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းအမှုအပေါ် ICJ တရားရုံး၏ ဆုံးဖြတ် စီရင်ပိုင်ခွင့် အာဏာနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်က ယခင်တုန်းက ကန့်ကွက်ချက်များကို (Preliminary Objection) ရုပ်သိမ်းကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာခဲ့သည်။

ရခိုင် မြောက်ပိုင်းက ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်သည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံအစိုးရက ယခုနှစ်မတ်လ ၂၁ ရက်နေ့တွင် တရားဝင် ကြေညာခဲ့ပြီး ယင်းအပေါ် အာဏာသိမ်းစစ်တပ်ဘက်က ပယ်ချထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်အောက်က ရိုဟင်ဂျာ ဒုက္ခသည် ခုနစ်သိန်းကျော်ခန့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

#mizzima

#ရိုဟင်ဂျာများအပေါ်

#စစ်ကောင်စီကန့်ကွက်မှု

#ဆုံးဖြတ်အမိန့်ချ

#နေရပ်မပြန်နိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly