မလှိုင်မြို့မရဲစခန်းက ရဲတပ်သား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အချုပ်ကျနေသည့် အမျိုးသမီးကို ကယ်ထုတ်၍ CDM ပြုလုပ်

မလှိုင်မြို့မရဲစခန်းက ရဲတပ်သား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အချုပ်ကျနေသည့် အမျိုးသမီးကို ကယ်ထုတ်၍ CDM ပြုလုပ်

ဇူလိုင် ၁၂

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦးသည် ဇူလိုင်လ ၁၀ရက် နေ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အချုပ်ကျနေသည့် မအိသန္တာအောင်ကို ကယ်ထုတ်၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မအိသန္တာအောင်ကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က နေအိမ်သို့ အပြန်လမ်းတွင် တော်လှန်ရေးရဲဘော်များအား ထောက်ပို့လုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀ (ည) ဖြင့် အချုပ်ကျခံနေရသူ တစ်ဦးဖြစ်သည်။ ထိုသို့ အချုပ်ကျခံနေစဉ် အဆိုပါရဲနှင့် ရင်းနှီးခဲ့ပြီး တော်လှန်ရေးရဲဘော်များမှ ဝိုင်းဝန်း စည်းရုံးနိုင်ခဲ့၍ ယခုကဲ့သို့ ကယ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူ(ရဲတပ်သား)က CDM ဝင်ချင်နေတာ။ အရင်ကလည်း ပြေးတာ သုံးခါရှိပြီ။ အချိတ်အဆက်မရှိလို့ ပြန်ရောက်လာတာလို့ ကျွန်တော်တို့ကိုပြောတယ်။ အာဏာသိမ်းတာကို သူမကြိုက်ဘူးလို့လည်း ပြောတယ်။ ဒါနဲ့ CDM လက်ခံပေးတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ သူချိတ်ဆက်မိတယ်။ အစကတော့ သူ့ကိုပဲ လာခဲ့ဖို့ စည်းရုံးတာပါ။ သူထွက်လာနိုင်ဖို့ပါ။ ဒါပေမဲ့ အိသန္တာအောင်ကို မိတ္ထီလာပို့မယ်လို့ ကြားလာပြီး အဲ့ဒီကနေ ကယ်ထုတ်ဖို့ အကြောင်းဖန်လာတာ” ဟု မအိသန္တာအောင်နှင့် နီးစပ်မှုရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့နောက် အဆိုပါရဲတပ်သားသည် ၎င်းကင်းကျသည့် အချိန်တွင် မအိသန္တာအောင်ကို အချုပ်မှ ကယ်ထုတ်၍ CDM ပြုလုပ်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ရဲတပ်သား ကယ်ထုတ်ခဲ့မှုအပေါ်တွင် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် အဆိုပါ ရဲတပ်သားသည် အချုပ်ကျနေသူအမျိုးသမီးကို ခိုးပြေးသွားသည်ဟု ဖော်ပြခဲ့ ကြသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများသည် ဆန္ဒပြသူများ နှင့် တော်လှန်ရေး သမားများကို ဖမ်းဆီးခံရချိန်တွင်ဖြစ်စေ၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တစ်နေရာထဲတွင် အတူတူဖမ်းဆီးချိန်များတွင်ဖြစ်စေ ပေါင်းသင်းနေထိုင်သူများ အဖြစ် ပုံဖော်ရေးသားလေ့ရှိသည်။

“ဒါကတော့ မလှိုင်ရဲစခန်းက သူတို့ရဲ့ ပေါ့လျော့မှုကို ဖုံးကွယ်ချင်တာနဲ့ ကလေးမလေးနဲ့ ရဲတပ်သားခိုးပြေးတဲ့ ပုံစံမျိုးနဲ့သတင်းအရင်တင်တာဗျ” ဟု မအိန္တာအောင်နှင့်နီးစပ်သူကပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုကို ကြိုက်နှစ်သက်မှုမရှိသည့် အဆိုပါရဲသည် စစ်ကောင်စီလက်အောက်မှ ထွက်ရန်အတွက် သုံးကြိမ် တိုင်တိုင် ကြိုးစားခဲ့သူဖြစ်၍ ယခုကဲ့သို့ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထွက်ပြေးပြီးနောက်တွင် ရဲတပ်သားအနေဖြင့် CDM ပြုလုပ်ရန် သက်ဆိုင်သည့် အဖွဲ့များသို့ဆက်သွယ်ခဲ့ပြီး မအိသန္တာအောင်မှာလည်း လုံခြုံဘေးကင်း သည့် လွတ်မြောက်နယ်မြေ တစ်ခုသို့ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

#Mizzima

#မန္တလေးတိုင်း

#မိတ္ထီလာခရိုင်

#မလှိုင်မြို့မရဲစခန်း

#ရဲတပ်သား

#အချုပ်ကျသူ

#ကယ်ထုတ်

#CDMပြုလုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly