ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) ဖွဲ့စည်းကြောင်း ထုတ်ပြန်

ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) ဖွဲ့စည်းကြောင်း ထုတ်ပြန်

ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်း လှုပ်ရှားဆောင်ရွက်နေပြီး စစ်အာဏာရှင် တော်လှန်ရေးတွင် သတင်းအချက်အလက်များ ရယူစုဆောင်း ချိတ်ဆက် ပေးပို့နိုင်ရန်အတွက် Central Intelligence Agency Tamu အား ဖွဲ့စည်းလိုက်ကြောင်း ဇွန်လိုင်လ ၁၁ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

“စစ်ရေးမှာ သတင်းအပိုင်းက အရမ်းအရေးကြီးတယ်ဗျ တိုက်ပွဲတစ်ပွဲရဲ့အဆုံးအဖြတ် အကျိုးရလဒ်က သတင်းလက်ဦးမှုအပေါ် အများကြီးမူတည်နေတဲ့အတွက် တော်လှန် ရေးအင်အားစုတွေကို အများကြီးအထောက်ကူပြုဖြစ်ပါလိမ့်မယ်” ဟု CIA (Tamu) ဒါရိုက်တာ သျှောင်ကြီးဗွေ မှ ပြောသည်။

တော်လှန်ရေးကာလအတွင်း လိုအပ်နေသော ရန်သူ့သတင်း ၊ စစ်ရေးသတင်း ၊ သူလျှိုသတင်း စသည့်သတင်းများအား အချိန်နှင့် တစ်ပြေးညီ တိကျ မှန်ကန်မြန်ဆန်စွာဖြင့် တော်လှန်ရေးတပ်ဖွဲ့များဆီသို့ အလျှင်အမြန်စီးဆင်းစေရန် နှင့် တော်လှန်ရေး တပ်ဖွဲ့အချင်းချင်း အပြန်အလှန်သတင်းစီးဆင်းချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ကြားခံတစ်ခုအဖြစ် လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ် ကြောင်းဆိုသည်။

၎င်းတို့အနေဖြင့် ယခင်ကတည်းက ထောက်လှမ်းရေးလုပ်ငန်းများအား လုပ်ကိုင် နေခဲ့ပြီး ယခု အခြေအနေလိုအပ်ချက်အရ အဖွဲ့အစည်းအား ထုတ်ပြန်ရခြင်းဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံနှင့် အင်အား အခြေအနေများအား ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် CIA (Tamu) နှင့်လက်တွဲပြီး ကူညီရန် ဖိတ်ခေါ်လိုကြောင်းနှင့် ရန်သူ့သတင်း အချက်အလက်များအား အချိန်မရွေးပေးပို့ကြရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းတို့အဖွဲ့မှလည်း ပြည်သူများ သိသင့်သော သတင်းများကို အချိန်နှင့် တစ်ပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်းဆိုသည်။

ဇွန်လိုင်လ ၁၂ရက် ယနေ့တွင် CIA (Tamu) လူမှုကွန်ရက်စာမျက်နှာမှ တမူးခရိုင် အတွင်း လှုပ်ရှားနေသော ပျူစောထီးခေါင်းဆောင်များနှင် စစ်ကောင်စီ ဒေါက်တိုင် များ၏ ဓါတ်ပုံများအား ဖြန့်ဝေထားပြီး ၎င်းတို့ရောက်ရာ နေရာတွင် သတင်းပေးကြရန် နှိုးဆော်ထားသည်။

ဇွန်လိုင်လ ၅ရက်နေ့က တမူးမြို့သို့ အလည်အပတ်သွားရောက်ပြီး ပြန်လာသည့် အိန္ဒိယနိုင်ငံသားများဖြစ်သော Mr. P. Mohan (၂၈နှစ်) နှင့် Mr.Aiyanar (၃၅နှစ်) တို့ အား ပျူစောထီးများမှ သတ်ဖြတ်ခဲ့ခြင်းကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းဌာနများ ၏ ဖော်ပြချက်များအရ သိရသည်။

#mizzima

#တမူးခရိုင်

#ဗဟိုထောက်လှမ်းရေးအေဂျင်စီ

#လှုပ်ရှားဆောင်ရွက်

#နှိုးဆော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required