ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီး အသတ်ခံရ၊ အဓမ္မပြုကျင့်ခံရသည့် လက္ခဏာတွေ့ရကြောင်း PPC တပ်ပေါင်းစု ပြော

ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာတိုက်ပွဲတွင် အရပ်သားအမျိုးသမီး အသတ်ခံရ၊ အဓမ္မပြုကျင့်ခံရသည့် လက္ခဏာတွေ့ရကြောင်း PPC တပ်ပေါင်းစု ပြော

ဇူလိုင် ၁၂

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အရပ်သားအမျိုးသမီးနှစ်ဦး ဖမ်ဆီးခံခဲ့ရသည့်အနက် တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦးမှာ အသတ်ခံခဲ့ရကာ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာတွေ့ရှိရကြောင်း ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC) ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့သည် ပိုင်းကျေးရွာအရှေ့ဘက်ရှိ ဘုရားကုန်းပေါ် တွင် တပ်စွဲနေထိုင်နေသည့်အတွက် ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC) မဟာမိတ်တပ်ဖွဲ့က ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် ပိုင်းကျေးရွာက အရပ်သားအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးကာ တစ်ဦးကို သတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အဓ္ဓပြုကျင့်ခံထားရသည့် လက္ခဏာများကို တွေ့ရှိခြင်းဖြစ်ကြောင်း PPC ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေ့တယ်။ ကျွန်တော်တို့တပ်က ဆရာဝန်တွေက အတိအကျတော့ မစစ် ဆေးနိုင်ဘူးပေါ့နော်။ ဖြစ်နိုင်ခြေရှိတယ်။ အမျိုးသမီးနှစ်ယောက် ဖမ်းခံရတာ တစ်ယောက်က ကြိုးတုပ် ထားတဲ့အတိုင်း ထွက်ပြေးလွတ်မြောက်သွားတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ နှိပ် စက်ညှဉ်းပန်းပြီး ဟိုဟာ (အဓမ္မပြုကျင့်) လုပ်တဲ့ လက္ခဏာပါ။ သွေးစ အနည်းငယ်ရှိတယ်” ဟု PPC တပ်ပေါင်းစုက ပြောသည်။

ထိုဖြစ်စဉ် အသေးစိတ်အချက်အလက်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ပိုင်းကျေးရွာအနီး ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား မဟာမိတ် ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ကိုးဦးသေဆုံးနိုင်ကြောင်း ခန့်မှန်းထားကြသည်။

“အရှေ့ဘက် ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အနောက်ဘက်ကနေပြီး နည်း နည်းလေး မှောင်တဲ့အချိန်မှာ အနားကိုကပ်ပြီး စနိုက်ပါနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ အချက်ပေါင်း မနည်း ပစ်ခဲ့တယ်။ စနိုက်ပါနဲ့ပစ်တာ ပထမတစ်ယောက်ထိတယ်။ ကြိုပြီးကာထားတဲ့ မိုင်းထိပြီး သေတယ်” ဟု PPC တပ်ပေါင်းစုက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပိုင်းကျေးရွာအရှေ့ဘက် နှစ်မိုင်ခန့်၌ ကင်းပုန်းချ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

ဆိပ်ဖြူမြို့နယ်အတွင်း အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဒေသကာကွယ်ရေးဖွဲ့ဝင်များက ပြောသည်။

တိုက်ပွဲကြောင့် ပိုင်းကျေးရွာမှ ရာနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရပြီး စားဝတ်နေရေးခက်ခဲမှု ရှိနေကြောင်းလည်း သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသော ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖြတ်လေး ဖြတ်စစ်ဆင်ရေးလုပ်ကာ ထိုးစစ်ဆင်နေသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် အထိနာ သေဆုံးမှုများ ရှိနေသည်။

စစ်တပ်ကအာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်နှင့်ချီ တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများတွင် စစ် မီးအရှိန် ပိုမိုတောက်လောင်လာခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းနှင့်အညာဒေသများတွင်လည်း စစ်ကောင်စီ တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ နေစဉ်တိုက်ပွဲများ ဖြစ်ပွားနေလျှက်ရှိသည်။

#Mizzima

#မကွေးတိုင်း

#ဆိပ်ဖြူမြို့နယ်

#ပိုင်းကျေးရွာတိုက်ပွဲ

#ပြည်သူ့စွမ်းအားတပ်ပေါင်းစု(PPC)

#အရပ်သားအမျိုးသမီး

#အသတ်ခံရ

#အဓမ္မပြုကျင့်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required