ပိတ်ပင်တားမြစ်ထားသည့် TTP အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပါကစ္စတန်၏ ပါလီမန်ကော်မတီ အတည်ပြု

ပိတ်ပင်တားမြစ်ထားသည့် TTP အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပါကစ္စတန်၏ ပါလီမန်ကော်မတီ အတည်ပြု

ပါကစ္စတန်နိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အရေးပါသော ပါကစ္စတန် ပါလီမန်ဆိုင်ရာ ကော်မတီတစ်ခုက ဇူလိုင် ၅ ရက်တွင် အစိုးရကို တရားဝင် အတည်ပြုချက် ပေးခဲ့သည်။ ထို့ပြင် ပိတ်ပင်ထားသည့် အဖွဲ့နှင့် ဆွေးနွေးမှုများအတွက် ပဲ့ကိုင်အဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်မည်ဟု ယင်းကော်မတီက ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရသည် ပြည်တွင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း TTP နှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်ဟု အမျိုးသား လုံခြုံရေးဆိုင်ရာ ပါကစ္စတန် ပါလီမန်ကော်မတီ (PCNS) က မှတ်ချက်ပြုကြောင်း Geo News က ဖော်ပြသည်။

ပါကစ္စတန် အစိုးရ၏ အတည်ပြုချက်နှင့် ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်ဘောင်အတွင်း လုပ်ငန်းစဉ် ပြီးမြောက်ပြီးနောက်ပိုင်း TTP နှင့် ဆွေးနွေးမှု၏ အပြီးသတ်ရလဒ်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကော်မတီသည် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အတည်ပြုခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကန့်အသတ်ဘောင်အတွင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် တာဝန်ယူရမည့် ပါလီမန်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းရန် သဘောတူခဲ့သည်။

ပါကစ္စတန်၏ ယခင် ဖက်ဒရယ်က စီမံအုပ်ချုပ်သည့် မျိုးနွယ်စု ဧရိယာ (FATA) ကို အနောက်မြောက်ပြည်နယ် ခိုင်ဘာ ပက်ခ်တွန်ခဝါနှင့် ပေါင်းစည်းခြင်းကို ရုပ်သိမ်းရေး ယင်း၏ တောင်းဆိုချက်သည် သဘောထား ပြောင်းလဲမည် မဟုတ်ဟု TTP က ထုတ်ဖော်ခဲ့ပြီးနောက် ယခု အစည်းအဝေး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပါကစ္စတန်အစိုးရနှင့် TTP အကြား ဆွေးနွေးညှိနှိုင်းမှုများက ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် အဓိကကျသည့် အခက်အခဲ ထိုးဖောက်ကျော်လွှားမှုများ မရှိသေးကြောင်း အဖွဲ့၏ အကြီးအကဲ မက်ဖ်တီ နိုအာ ဝါလီ မီဟ်ဆက်က ယူကျူ့တွင် တင်ထားသည့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ပါကစ္စတန်တာလီဘန်နှင့် အပစ်ရပ်စဲမှုကို သက်တမ်းတိုးရေး ဆွေးနွေးညှိနှိုင်းရန် ကဘူးလ်၌ TTP နှင့် မျိုးနွယ်စုခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့တစ်ခုတို့ အစည်းအဝေးအပြီး ထို မှတ်ချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ပိတ်ပင်ခံအဖွဲ့သည် ခွဲထွက်ရေးအဖွဲ့တစ်ခုဖြစ်သော်လည်း အာဖဂန် တာလီဘန်တို့နှင့်
မဟာမိတ်ပြုထားသည်။ အာဖဂန်တာလီဘန်တို့သည် ယမန်နှစ် ဩဂုတ်လက အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ ထွက်ခွာသွားပြီးနောက် အာဏာပြန်ရနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly