ပါကစ္စတန် စစ်တပ်နှင့် ထောက်လှမ်းရေးအရာရှိများ နိုင်ငံရေးနှင့် ဝေးဝေးနေရန် ဌာနဆိုင်ရာအကြီးအကဲများ ညွှန်ကြား

ပါကစ္စတန် စစ်တပ်နှင့် ထောက်လှမ်းရေးအရာရှိများ နိုင်ငံရေးနှင့် ဝေးဝေးနေရန် ဌာနဆိုင်ရာအကြီးအကဲများ ညွှန်ကြား

ပါကစ္စတန်နိုင်ငံတွင် စစ်တပ်၏ တပ်မှူးများနှင့် အခြား အရေးပါသော အရာရှိများအနေဖြင့် နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေပြီး နိုင်ငံရေးသမားများနှင့် ဆက်သွယ်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာ့ဂျ်ဝါက ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ထွက်ရှိပြီး ရက်ပိုင်းအကြာ ဇူလိုင် ၅ ရက်တွင် ‌ထောက်လှမ်းရေး အေဂျင်စီ (ISI) ၏ အကြီးအကဲဖြစ်သူကလည်း ယင်း၏ အမှုထမ်းအရာရှိများ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ဝေးဝေးရှိနေစေရေး တင်းကျပ်သည့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန် ISI ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နာဒီးမ် အန်ဂျမ်က အေဂျင်စီ၏ ထိပ်ပိုင်းမှစပြီး အောက်ဆုံး အဆင့်များရှိ အမှုထမ်းများနှင့် အခြားသော အရာရှိများအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်ခြင်းမရှိဘဲ ရှောင်ကြဉ်ကြရန် တင်းကျပ်သည့် ညွှန်ကြားချက်များ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း The Express Tribune က ဖော်ပြသည်။

ထောက်လှမ်းရေး အကြီးအကဲသည် ၎င်း၏ လက်အောက်ငယ်သားများကို ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ “နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့နဲ့ အဲဒီလိုမျိုး လှုပ်ရှားမှုတွေကနေ ရှောင်ဖို့ အတင်းအကျပ်ဆုံး အသုံးအနှုန်းတွေနဲ့ သူတို့ကို ညွှန်ကြားထားခဲ့တာပါ” ဟု သတင်းရင်းမြစ်များက ပြောသည်။

စည်းမျဉ်း ချိုးဖောက်မှုများအတွက် လုံးဝ သည်းခံသွားမည်ဟု ထောက်လှမ်းရေး အကြီးအကဲက ပြောထားသည်။ ညွှန်ကြားချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိသည့် မည်သည့် ထောက်လှမ်းရေး အရာရှိမဆို ISI တွင် နေရာရှိလိမ့်မည် မဟုတ်ဟု ၎င်းက ပြောခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။

အေဂျင်စီက ခွင့်ပြုချက်မရှိဘဲ နိုင်ငံရေးတွင် ပါဝင်ခြင်းကြောင့် ISI ၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့သည်ဟု ပါကစ္စတန် မီဒီယာများက ဖော်ပြသည်။

ထို့ပြင် လက်ရှိ ISI ညွှန်ကြားရေးမှူးချုပ်သည် မလိုလားအပ်သော အငြင်းပွားမှုများနှင့် ဝေးဝေးရှိနေစေရေး အင်စတီကျူးရှင်းကို နိုင်ငံရေးနှင့် ကင်းရှင်းစေရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required