ကမ္ဘာ့တောင်ပိုင်းတွင် တရုတ်၏ ဩဇာတိက္ကမ ကြီးမားစေရေးလုပ်ဆောင်ချက်များ

ကမ္ဘာ့တောင်ပိုင်းတွင် တရုတ်၏ ဩဇာတိက္ကမ ကြီးမားစေရေးလုပ်ဆောင်ချက်များ

တရုတ်နိုင်ငံသည် စစ်ရေးနှင့်စီးပွားရေးအာဏာမြင့်တက်လာမှုနှင့်အတူ ၎င်း၏ ဩဇာတိက္ကမကြီးမားမှုကို မြှင့်တင်ရန် ဝါဒဖြန့်ချိရေးနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် မြှုပ်နှံလျက်ရှိသည်။

အမှန်တကယ်တွင် ရှီကျင့်ဖျင် အာဏာရလာပြီးနောက် တရုတ်က ပိုမိုထိပ်တိုက်တွေ့သော နိုင်ငံခြားရေးမူဝါဒကို လက်ခံကျင့်သုံးလာချိန်မှစ၍ ကမ္ဘာလုံးဆိုင်ရာ လူထုသဘောထားကို ခြယ်လှယ်ရန် ကြိုးစားလာသည်။ ဇွဲလုံ့လ အပြည့်ဖြင့် ကြိုးပမ်းသော်လည်း ရလဒ်များသည် ဝါဒဖြန့်မှုနှင့် တရုတ်လုပ်ရပ်များနှင့်ထိတွေ့ဆက်ဆံမှုများ၏ အဖြစ်မှန်အကြား ကွာဟချက်ကြီးမားသောကြောင့် အကောင်းဆုံး ဖြစ်မလာခဲ့ပေ။

၂၀၂၂ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့တောင်ပိုင်း၌ တရုတ်၏ဩဇာတိက္ကမကြီးမားစေရေး လုပ်ဆောင်ချက်များဆိုင်ရာ အတ္တလန္တိတ်ကောင်စီ အစီရင်ခံစာသည် ကမ္ဘာလုံးဆိုင်ရာ အာဏာကြီး ထွားလာမှုအဖြစ် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ပုံရိပ်ကို တည်ဆောက်ရာတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုကို အကဲဖြတ်သည့်စာတမ်းမျိုးဖြစ်သည်။ အစီရင်ခံစာသည် အာဖရိကဆာဟာရတောင်ပိုင်း၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းရှိ တရုတ်လှုပ်ရှားမှုများကို အလေးထားဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှု ကြီးထွားလာသော်လည်း ကမ္ဘာ့တောင်ပိုင်းရှိ စိတ်နှလုံးကို သိမ်းပိုက်နိုင်သည်ဟု မဆိုနိုင်ကြောင်း အတ္တလန္တိတ်ကောင်စီ မှုခင်းဆေးပညာသုသေသနဌာန (DFR Lab) က ၎င်း၏တွေ့ရှိချက်ကို မှတ်ချက်ပြုထားသည်။

တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသော သို့မဟုတ် အခြေခံအဆောက်အအုံဆိုင်ရာ ရန်ပုံငွေနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြသော ဖွံ့ဖြိုးဆဲနိုင်ငံများအကြားတွင် သံသယနှင့် မယုံကြည်မှုများ ရှိနေကြောင်း တွေ့ရှိချက်များက ညွှန်ပြနေသည်။

တရုတ်နိုင်ငံသည် လမ်းများ၊ ရထားလမ်းနှင့် ဆိပ်ကမ်းများ သို့မဟုတ် စွမ်းအင်စီမံကိန်းများတည်ဆောက်ခြင်း ကဲ့သို့သော  ဆက်သွယ်မှုဆိုင်ရာစီမံကိန်းများကို ပံ့ပိုးပေးခြင်းဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ အကြားတွင် ၎င်း၏သြဇာလွှမ်းမိုးမှုနယ်ပယ်ကို မြှင့်တင်ရန် ငွေပမာဏအမြောက်အမြား အသုံးပြုလျက်ရှိသည်။ သို့သော် အဆိုပါစီမံကိန်းများ၏ ရလဒ်များသည် ကုန်ကျစရိတ်နှင့်အကျိုးအမြတ် ဆက်စပ်ကြည့်မှုစမ်းသပ်ချက်တွင် မအောင်မြင်ခဲ့ပေ။

တရုတ်သည် ကမ္ဘာ့တောင်ပိုင်းကို ၎င်း၏ ဩဇာတိက္ကမကြီးမားမှုတိုးမြှင့်ရန် အရေးပါ‌သောအရပ်အဖြစ် ရှုမြင်ထားပြီး တရုတ်ကွန်မြူနစ်ပါတီ (CCP) လက်ခံထားသည့်ဇာတ်ကြောင်းများကို ဖြန့်ချိရန် နည်းဗျူဟာ အများအပြားကို အသုံးချသည်။ ၎င်းမဟာဗျူဟာ၏မဏ္ဍိုင်နှစ်ရပ်၌ နိုင်ငံတကာတွင် ဝါဒဖြန့်ခြင်းအတွက် နိုင်ငံတကာမိတ်ဆွေများအသုံးပြုခြင်းနှင့် ဩဇာလွှမ်းမိုးနိုင်မှုအတွက် မီဒီယာကို အသုံးချခြင်း တို့ပါဝင်သည်။ ပထမမဏ္ဍိုင်သည် တရုတ်လိုလားသော သတင်းစကားများကို ဖြန့်ကျက်ရန် နိုင်ငံရပ်ခြား (ပြည်ပခေါင်းဆောင်များ) ၏ အသံများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းအပေါ် မှီခိုသည်။ ဒုတိယမဏ္ဍိုင်သည် ပစ်မှတ်ထားသောအရပ်၌ တရုတ်ဝါဒဖြန့်မှုကို လုပ်ဆောင်ရန် နိုင်ငံတကာပလက်ဖောင်းများကို အသုံးချသည်။ ၎င်းတို့တွင် တရုတ်၏မီဒီယာခြေရာကို ချဲ့ထွင်ခြင်း၊ ဝါဒဖြန့်လှုံ့ဆော်မှုများ လုပ်ဆောင်ခြင်းနှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာဖိုရမ်များတွင် ၎င်း၏ပဏာမခြေလှမ်းများကို အစိုးရထောက်ခံမှုများရရှိရန် တရုတ်၏သြဇာလွှမ်းမိုးမှုကို မြှင့်တင်ခြင်းတို့ ပါဝင်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ပိုင်းတွင် ၎င်း၏ဩဇာတိက္ကမကြီးမားမှုကို မြှင့်တင်ရန်နှင့် အကျိုးစီးပွားများ တိုးတက်စေရန် ဘက်ပေါင်းစုံအဖွဲ့အစည်းများစွာကို ဖန်တီးထားသော်လည်း အမှန်တကယ်မြေပြင်တွင် ဒေသတွင်းနိုင်ငံများ၌ တရုတ်၏ ထိတွေ့ဆက်ဆံမှုသည် ဝါဒဖြန့်ပုံရိပ်ကို ပေါ်လွင်စေသောကြောင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖြစ် ရှုမြင်မခံရပေ။

ကမ္ဘာ့တောင်ပိုင်းရှိ တရုတ်စီမံကိန်းများသည် အရွယ်အစားအားဖြင့် ကြီးမားသော်လည်း စီးပွားရေးအရ လက်တွေ့မကျဘဲ နောက်ဆုံးတွင် အိမ်ရှင်နိုင်ငံများအား ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

ကမ္ဘာ့တောင်ပိုင်းတွင် တရုတ်အကူအညီပေးသည့် စီမံကိန်းများသည် ဈေးနှုန်းကြီးမြင့်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို အလုံအလောက်အလေးမထားခြင်း၊ ညံ့ဖျင်းသောကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် အကျင့်ပျက်ခြစားမှုများရှိကြောင်း စွပ်စွဲခံရလေ့ရှိသည်။

၎င်းအချက်များသည် တရုတ်စီမံကိန်းများ အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင် သံသယများ၊ ဝေဖန်မှုများနှင့် ဆန္ဒပြမှုများကို တရုတ်ရင်ဆိုင်နေရသည့် အကြောင်းရင်း အချို့ဖြစ်သည်။

သို့သော်လည်း အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနှင့် ဆာအာဖရိကတောင်ပိုင်းနိုင်ငံအများစုသည် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်သော သဘောထားများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ တရုတ်နှင့်ပတ်သက်သော အကောင်းမြင်မှုများသည် တရုတ်နှင့် ၎င်းတို့ အကြားကုန်သွယ်မှုနှင့် အရင်းအမြစ် သို့မဟုတ် ကျွမ်းကျင်မှု သို့မဟုတ် နှစ်ခုလုံး ရှားပါးသော ဒေသတွင်း နိုင်ငံများရှိ အခြေခံအဆောက်အအုံစီမံကိန်းများကို ရန်ပုံငွေထောက်ပံ့ရန် တရုတ်၏အဆင်သင့်ဖြစ်နေမှု တို့ကြောင့် ဖြစ်နိုင်သည်။ သို့သော် တရုတ်၏ စီးပွားရေးလုပ်ဆောင်ပုံ သို့မဟုတ် အရင်းခံမဟာဗျူဟာ အစီအစဉ်သည် အချိန်ကြာလာသည်နှင့်အမျှ ရုပ်လုံးပေါ်လာသောအခါ အဆိုပါနိုင်ငံများသည်ပင် စိုးရိမ်ကြောင့် ကြပြီး သတိထားလာရသည်။

အနောက်နိုင်ငံများအကြားတွင် တရုတ်နိုင်ငံအပေါ် အဆိုးမြင်မှုများသည် အဓိကအားဖြင့် တရုတ်နိုင်ငံ၏ ချဲ့ထွင်ရေးမူဝါဒများ၊ နိုင်ငံတကာသဘောတူညီချက်များကို လေးစားလိုက်နာမှုမရှိခြင်းနှင့် အလုပ်သမား အခွင့်အရေးများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်ဖြစ်သည်။ နောက်စိုးရိမ်မှုတစ်ခုမှာ 5G၊ ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလောကနှင့် ချစ်ပ်ပြားထုတ်လုပ်ရေးကဲ့သို့ ထွန်းသစ်စ နည်းပညာများ၌ တရုတ်၏ ကမ္ဘာ့တန်ဖိုးကွင်းဆက်မြင့်တက်လာမှုက ၎င်းတို့နည်းပညာကို ထိခိုက်လာနိုင်သောကြောင့်ဖြစ်သည်။

တရုတ်သည် ပြောင်းပြန်အင်ဂျင်နီယာပညာရပ်တွင် ဆရာတစ်ဆူအဖြစ် လူသိများသည့်အပြင် စက်မှုလုပ်ငန်း မူပိုင်ခွင့်များကို ဦးဆောင်ချိုးဖောက်သူအဖြစ်နှင့် ခိုးယူသူအဖြစ် အနောက်နိုင်ငံများတွင် သတ်မှတ်ခံရသည်။ အနောက်တိုင်းသည် ထိုလုပ်ရပ်များကို ၎င်းတို့၏ ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်မှုအဖြစ် သဘောထားသည်။ ခေတ်မီတိုးတက်သော အနောက်နိုင်ငံများသည် မီဒီယာများ၊ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနများအတွက် ရန်ပုံငွေများထောက်ပံ့ခြင်း၊ စီးပွားရေးနှင့် မီဒီယာဌာနများတွင် ထိန်းချုပ်ကွပ်ကဲ နိုင်စွမ်းရှိသော ရှယ်ယာများဝယ်ယူခြင်းနှင့် နိုင်ငံခြားရင်းနှီးမှုနှံမှုများတွင်အသုံးပြုသည့် နည်းပညာ လွှဲပြောင်းမှုများလုပ်ဆောင်သော တရုတ်နိုင်ငံ၏ ကြီးမားသော ဝါဒဖြန့်ချိရေးယန္တရားများကို စိုးရိမ်လာကြသည်။ တရုတ်နှင့်ပတ်သက်သော အဆိုပါ ခံယူချက်များအားလုံးကြောင့် အမေရိကန်အနေဖြင့် တရုတ်ကုမ္ပဏီများ ကိုတားမြစ်ရန်နှင့်

ဥရောပသမဂ္ဂအနေဖြင့်လည်း တရုတ်၏ရာဇဝတ်မှုများအပေါ် နိုင်ငံတော်အစိုးရများမှ ကြိုတင်ကာကွယ်သည့်အဆိုပြုချက်ကို အတည်ပြုရန် ဖြစ်လာစေခဲ့သည်။

သံသယများ၊ မကျေနပ်မှုများနှင့်ကွဲလွဲမှုများရှိနေသော်လည်း တရုတ်သည် အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းတွင် အပြုသဘောဆောင်သောပုံရိပ်ကို ဖန်တီးပြီး ကျယ်ပြန့်လာအောင်ဝါဒဖြန့်မှုနှင့် တရုတ်၏ ထိတွေ့ဆက်ဆံမှု မြေပြင်အခြေအနေမှန်အကြားကွာဟချက်ကို လျော့ပါးစေခြင်းဖြင့် ကမ္ဘာ့ဇာတ်ခုံတွင် ဩဇာတိက္ကမ ကြီးမားရေး ရည်မှန်းချက်များအောင်မြင်စေရန် နက်နက်နဲနဲပါဝင်နိုင်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေဆဲဖြစ်သည်။ 

သို့သော် တရုတ်သည် ၎င်း၏လမ်းစဉ်တွင် ဒီမိုကရေစီအင်စတီကျူးရှင်းများနှင့် ကမ္ဘာ့စံနှုန်းများကို ဆက်လက်နှောက်ယှက် နေသရွေ့ တရုတ်နိုင်ငံအတွက်လည်း မပြီးဆုံးနိုင်သော လှည့်စားမှုတစ်ခု ရှိနေဦးမည်သာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required