စစ်ကောင်စီက ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် SSPP/SSA အဖွဲ့သာ ကျန်

စစ်ကောင်စီက ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် SSPP/SSA အဖွဲ့သာ ကျန်

ဇူလိုင်လ ၁၀ ရက်

စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တက်ရောက်ရန်လက်ခံခဲ့သည့် အဖွဲ့ ၁၀ ဖွဲ့အနက် ကိုးဖွဲ့ကို တွေ့ဆုံပြီးဖြစ်၍ နောက်ဆုံးအနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် တွေ့ဆုံရန်သာ ကျန်ရှိတော့သည်။

စစ်ကောင်စီသည် ဧပြီလ ၂၂ ရက်နေ့က ရုပ်မြင်သံကြားမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ရာ တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်ခံခဲ့သည့်အတွက် ဆွေးနွေးပွဲများကို မေလတတိယပတ် တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တစ်ဖွဲ့လျှင်သုံးရက်နှုန်းဖြင့် နေပြည်တော်၌တွေ့ဆုံခဲ့ပြီး လက်ရှိအချိန်တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/ KNLAPC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA( မိုင်းလား)၊ ပအိုဝ်း လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ကို တွေ့ဆုံပြီးဖြစ် သည်။

နောက်ထပ်တွေ့ဆုံရမည့်အဖွဲ့ဖြစ်သည့် SSPP သည် လက်ရှိအချိန်တွင် တပ်စခန်းကိစ္စများနှင့်ပတ်သက် ပြီး စစ်ကောင်စီနှင့်စစ်ရေးတင်းမာမှု အချို့ရှိနေသကဲ့သို့ SSPP မှဖိတ်ခေါ်မှုကြောင့် ဒေသဖွံ့ဖြိုးရေး ရုပ်သံ သွားရောက်ရိုက်ကူးခဲ့သည့် သရုပ်ဆောင် သဥ္ဇာဝင့်ကျော်ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးမှုများရှိခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူက “အတွင်းရေးမှူး(၁)က တာဝန်ခံပြီးတော့ ဆက်သွယ်နေတာဗျ။ သူ့ကိုမေးရင် ပိုပြီးတော့ပြည့်စုံပါလိမ့်မယ်။ နောက်ဆုံးအခြေ အနေဘယ်လိုရှိလဲဆိုတာ ကျနော်လည်း တာဝန်ယူပြီးဆက်သွယ်တာမဟုတ်တဲ့အတွက် အသေးစိတ် မသိရဘူး” ဟု မဇ္ဈိမကိုပြောသည်။

SSPP/SSA ၏ အတွင်းရေးမှူး(၁)ဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးစိုင်းဆုထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စင်စစ်အားဖြင့် စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သောအဖွဲ့များမှာ လက်ရှိအချိန် တွင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အဖွဲ့များသာဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီ ကိုအမှန်တကယ်တိုက်ခိုက်နေသည့်အဖွဲ့များကမူ အဆိုပါဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း အသီးသီးငြင်းဆန်ထားကြသည်။

စစ်ကောင်စီမှ ကမကထပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးနှင့် လက်ရှိ ပြဿနာများပြေငြိမ်းရေးအတွက်မပါဝင်ဘဲ နိုင်ငံဆက်လက်တည်ဆောက်ရေးအတွက်သာ ဆွေးနွေးခဲ့ကြ သည်။ ဆွေးနွေးရာတွင်လည်း ဖက်ဒရယ်ဟူသောဝေါဟာရကို တွင်တွင်ပြောကြားခဲ့သည်ကို တွေ့ရသည်။

မွန်ပြည်သစ်ပါတီကဆိုလျှင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပေးရန် စစ်ခေါင်းဆောင်ကို တိုက် တွန်းခဲ့ကြောင်း ပါတီတာဝန်ရှိသူက မဇ္ဈိမကိုပြောခဲ့သည်။

ထူးခြားချက်အနေဖြင့် ဇွန်လ ၁၃ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့်တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားများကိုတွေ့ဆုံပြီးလျှင် NUG နှင့် PDF ကိုစဉ်းစားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်ဟု DVB သတင်းဌာနကို ALP တာဝန်ရှိသူက ဖြေကြားထားသည်။

ထိုသို့ဆွေးနွေးနေစဉ်အတွင်း စစ်ကောင်စီသည် ဇွန်လတတိယပတ်က နောက်ထပ်ဆွေးနွေးလိုသည့် တိုင်းရင်းသားလက်နက်ကိုင်များလည်း ဇွန်လကုန်အထိဆက်သွယ်နိုင်ကြောင်း ထပ်မံကြေညာခဲ့သော် လည်း ထူခြားမှုမရှိခဲ့ပေ။

ထိုသို့ ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲများပြုလုပ်နေသည့် စစ်ကောင်စီသည် ကျေးရွာများကို မီးရှို့ ခြင်း၊ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းများအပြင် ပြည်သူလူထုအားဖိနှိပ်မှုများကို ဆက်လက်ပြုလုပ် လျက်ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုနှင့်တွေ့ဆုံပြီးတိုင်း စစ်ကောင်စီက မည်သည့်သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ လက်မှတ်ရေးထိုးခဲ့ကြောင်း ဝါဒဖြန့်မီဒီယာများတွင် ဝေဝေဆာဆာဖော်ပြလေ့ရှိကြသည်။

DKBA ပြောရေးဆိုခွင့်ရှိသူက စောစိန်ဝင်းက “သဘောတူညီချက်ရယ်လို့ ထူးထူးခြားခြားမရှိဘူး။ အဓိက ကတော့ သူတို့ကတစ်ဖွဲ့ချင်းစီရဲ့ အမြင်သဘောထားတွေကို စုစည်းချင်တဲ့သဘောပဲ။ ဆိုလိုတာက အနာ ဂတ်သွားမယ့် နိုင်ငံရေးအခင်းအကျင်းကို DKBA ရဲ့ အမြင်ကဘယ်လိုရှိတယ်။ ဘယ်အဖွဲ့က ဘယ်လိုရှိ တယ်ဆိုတာ သူတို့က စုစည်းတုန်းပဲ။ အဲဒီအပေါ်မှာ ဆုံးဖြတ်ချက်မချသေးဘူး” ဟု ဆိုသည်။

စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် တိုင်းပြည်အတွက် အပြောင်းအလဲမဖြစ်နိုင်သကဲ့သို့ တွင်တွင် သုံးစွဲလျက်ရှိနေသည့် ဖက်ဒရယ်ဟူသောဝေါဟာရသည် တိုင်းရင်းသားလက်နက်ကိုင်များကို မက်လုံးပေး သုံးစွဲမှုသာဖြစ်ပြီး စစ်တပ်နိုင်ငံရေးကထွက်မှ လက်ရှိအကြပ်အတည်းမှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly