နေအိမ် စီးနင်းခံရပြီးနောက် သီရိလင်္ကာသမ္မတ ရာထူးမှ နုတ်ထွက်မည်

နေအိမ် စီးနင်းခံရပြီးနောက် သီရိလင်္ကာသမ္မတ ရာထူးမှ နုတ်ထွက်မည်

ဇူလိုင်လ ၁၀ ရက်

သီရိလင်္ကာတွင် ဒေါသထွက်နေသော ဆန္ဒပြလူအုပ်ကြီးက သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းခဲ့သဖြင့် အိမ်တော်မှ ထွက်ပြေးခဲ့ရသော သီရိလင်္ကာသမ္မတ ဂေါ့တာဘယာ ရာဂျာပက်ဆာသည် ရာထူးမှ နုတ်ထွက်ပေးမည်ဖြစ်ကြောင်း စနေနေ့က ကြေညာခဲ့သည်။

ယင်းနိုင်ငံတွင် မကြုံစဖူး စီးပွားရေး အကျပ်အတည်းတစ်ခုကြောင့် ပြည်သူများ လများစွာနှင့်ချီ ခံစားနေခဲ့ရသည့် မကျေမနပ်ဖြစ်မှုများက ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ ရောက်ရှိခဲ့သည်။

နိုင်ငံ၏ ဘဏ္ဍာငွေကြေးများအပေါ် စီမံခန့်ခွဲမှု မှားယွင်းခြင်း၊ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်စေသည့် အစားအစာနှင့် လောင်စာဆီ ပြတ်လပ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိရေး အစိုးရကို တောင်းဆိုရန် ပြည်သူ သောင်းချီတို့ မြို့တော် ကိုလံဘို၌ စုဝေးခဲ့ကြသည်။

သမ္မတအိမ်တော် ဂိတ်ပေါက်များကို စီးနင်းပြီးနောက် ဆန္ဒပြလူအုပ်စုကြီးတစ်ခုသည် အိမ်တော်ရှိ အခန်းများထဲ လမ်းလျှောက်ဝင်ခဲ့ကြပြီး အချို့သော မြူးထူးသောင်းကျန်းသည့် ဆန္ဒပြသမားများသည်လည်း အိမ်တော်ဝန်းအတွင်းရှိ ရေကူးကန်ထဲ ခုန်ဆင်းကစားခဲ့ကြသည်။

အချို့သည်လည်း ခံ့ညားထည်ဝါလှသော အိမ်တော်၏ အိပ်ခန်းများထဲ ရယ်ရယ်မောမော လျှောက်သွားနေသည်ကို တွေ့ရပြီး ဆန္ဒပြသူတစ်ဦးက ရာဂျာပက်ဆာ၏ အတွင်းခံ ဆိုပြီး ဆွဲထုတ်ယူလာသည်ကိုလည်း မြင်တွေ့ရသည်။

တစ်ချိန်တည်းမှာပင် သီရိလင်္ကာ ခေါင်းဆောင်သည် ကိုလံဘို ဆိပ်ကမ်းရှိ ရေတပ် ရေယာဉ်တစ်စင်းကို စီးနင်းပြီး ၎င်းကို စစ်တပ်က ကျွန်းနိုင်ငံ၏ တောင်ဘက် ရေပြင်သို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းနောက် ၎င်း ရာထူးနုတ်ထွက်ရေး လများစွာ တောင်းဆိုမှုများကို ယခုအဆုံးသတ်တွင် လက်ခံပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့ရသည်။

“ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ဖို့အတွက် သမ္မတဟာ ဇူလိုင် ၁၃ ရက်မှာ ရာထူးကနေ ဆင်းပေးမယ်လို့ ပြောပါတယ်” ဟု ပါလီမန် ဥက္ကဋ္ဌ မဟင်ဒါ အဘေးဝါဒါနာက ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ပြောသည်။

အိမ်တော် စီးနင်းခံရချိန်က ရာဂျာပက်ဆာကို စစ်တပ်က အိမ်တော်ကနေ ခေါ်ထုတ်ပေးခဲ့ရပြီး ၎င်းကို ဆန္ဒပြလူအုပ်က အန္တရာယ်မပြုသာအောင် ဟန့်တားရန် သေနတ်မိုးပေါ်ထောင် ပစ်ဖောက်ခဲ့ရသည်။

များမကြာမီ ဆန္ဒပြလူအုပ်က သမ္မတ အိမ်တော်ကို စီးနင်းခဲ့သလို ရာဂျာပက်ဆာ၏ အနီးအနားရှိ ရုံးသည်လည်း ဆန္ဒပြသူများ လက်ထဲ ကျသွားခဲ့သည်။

ရာဂျာပက်ဆာ၏ နေရာ ဆက်ခံရန် ရှေ့ဆုံးတွင်ရှိသည့် ပုဂ္ဂိုလ်ဖြစ်သော ဝန်ကြီးချုပ် ရာနီးလ် ဝစ်ကရီ မက်ဆင်းဟ်ကလည်း နိုင်ငံရေးခေါင်းဆောင်များနှင့် အစည်းအဝေးတစ်ခု ခေါ်ခဲ့ပြီး ညီညွတ်သော အစိုးရတစ်ရပ် ဖြစ်ပေါ်စေရေး လမ်းခင်းပေးရန် ၎င်း ရာထူးမှ ထွက်ပေးလိုသည်ဟု ပြောခဲ့သည်။

သို့သော် ယင်းကလည်း ဆန္ဒပြသူများကို ချွေးသိပ်နိုင်ခြင်း မရှိခဲ့ဘဲ ဆန္ဒပြသူများသည် ဝန်ကြီးချုပ် နေအိမ်ကို စီးနင်းပြီး ညအချိန်တွင် မီးရှို့ခဲ့ကြသည်။

ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည့် ဗီဒီယိုထဲတွင် ဝန်ကြီးချုပ်အိမ်၌ မီးရှို့ထားသည်ကို ဆန္ဒပြသူများ ဩဘာပေးနေသည်ကို တွေ့ခဲ့ရသည်။ ယင်းမတိုင်မီက ဝန်ကြီးချုပ် အိမ်ကို စောင့်ကြပ်သည့် လုံခြုံရေးအဖွဲ့တစ်ခုက အိမ်အပြင်ဘက်တွင် ဂျာနယ်လစ်အချို့ကို တိုက်ခိုက်ခဲ့သေးသည်။

မီးလောင်မှုကြောင့် လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှု သတင်းမကြားရသေးသော်လည်း ယင်းအချိန်တွင် ဝစ်ကရီမက်ဆင်းဟ်နှင့် ၎င်း၏ မိသားစုသည် အိမ်နှင့် ဝေးရာသို့ ရောက်နေခဲ့သည်ဟု ရဲများက ပြောသည်။

အစောပိုင်းနေ့က ကိုလံဘို၏ စီမံအုပ်ချုပ်ရေး အရပ်ဧရိယာကို အုံနှင့် ကျင်းနှင့် ဝိုင်းခဲ့သည့် လူအုပ်ကြီးကို လူစုခွဲရန် လုံခြုံရေးတပ်ဖွဲ့များက ကြိုးပမ်းခဲ့ပြီး အပြန်အလှန် ထိပ်တိုက်တွေ့မှုများအတွင်း ဒဏ်ရာရမှုများ ရှိခဲ့သည်။

လူသုံးဦး ကျည်ထိမှန် ဒဏ်ရာများ ရခဲ့၍ ကုသပေးနေရသလို အခြား လူ ၃၆ ဦးမှာလည်း မျက်ရည်ယိုဓာတ်ငွေ့ကြောင့် အသက်ရှုမှုဆိုင်ရာ ဝေဒနာများ ခံစားနေရ၍ ကုသပေးနေရသည်ဟု ကိုလံဘိုရှိ အဓိက ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly