အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးမည်

ဇူလိုင်လ ၁၀ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ အကျပ်အတည်းအရေးကိစ္စ ထည့်သွင်း ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အမေရိကန်နှင့် ထိုင်းတို့သည် နှစ်နိုင်ငံအကြား ခိုင်မာနေခဲ့ပြီးဖြစ်သည့် ဆက်ဆံရေးကို ပိုမိုနက်ရှိင်းစေရန် တနင်္ဂနွေနေ့က သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝါရှင်တန်သည် အာရှ၌ တရုတ်၏ ဩဇာ ချဲ့ထွင်နေမှုကို တန်ပြန်ရန် ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း တို့သည် ရာသီဥတု ပြောင်းလဲမှု၊ ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည်ဟု ကတိပြုခဲ့ကြသည်။

ဘလင်ကန်သည် အင်ဒိုနီးရှား၌ ကျင်းပသည့် ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် သီးခြားတွေ့ဆုံခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုင်းခရီးစဉ် လာရောက်ခြင်း ဖြစ်သည်။

ဘလင်ကန်သည် ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံမည် ဖြစ်သည်။ တရုတ်၏ ဝမ်ယီသည်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အာရှဒေသ၌ အလွန်ထက်သန်သော ဒစ်ပလိုမေစီတွင် ပါဝင်လုပ်ဆောင်ထားခဲ့ပြီး အင်္ဂါနေ့က ပရာယွတ်နှင့် တွေ့ဆုံခဲ့သည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့အကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ၂၁ ရာစုထဲအထိ အပြည့်အဝ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်နေပါတယ်” ဟု ဘလင်ကန်က ပြောသည်။ ရာစုနှစ်၏ အလားအလာလမ်းကြောင်းကို ပုံဖော်နေသည့် ဒေသတစ်ခုတွင် ထိုင်းသည် အရေးပါသော မဟာမိတ်တစ်နိုင်ငံ ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဘလင်ကန်သည် ယမန်နှစ်က အမေရိကန်၏ အာရှရှိ သက်တမ်းအကြာဆုံး မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံသို့ ခရီးစဉ်တစ်ခုကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရသည်။ ထိုစဉ်က ၎င်းနှင့်အတူ လိုက်ပါလာသော သတင်းသမားအဖွဲ့တွင် COVID-19 ကူးစက်ခံရသူ တွေ့ရှိ၍ ၎င်း၏ ဒေသတွင်း ခရီးစဉ်ကို ရပ်တန့်ခဲ့ရသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က အာရှဒေသနှင့်ပတ်သက်ပြီး အမေရိကန်၏ ကတိပြုနှစ်မြှုပ်မှုပိုင်းတွင် မသေချာမရေရာဖြစ်ခဲ့ပြီးနောက် ယခုအခါ ဘိုင်ဒင်အစိုးရသည် အာရှဒေသနှင့် ဆက်ဆံရေးကို ခိုင်မာစေရေး ပံ့ပိုးရန် ကြိုးပမ်းထားခဲ့သည်။ ထရမ့် လက်ထက်ကာလက တရုတ်သည် အာရှတွင် ဩဇာ ချဲ့ထွင်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပေါင်းစည်းမှုကို တွန်းအားပေးလုပ်ဆောင်ထားခဲ့သည်။

“ကျွန်တော်တို့ဟာ နောက်ထပ် နှစ် ၁၉၀ အတွက် အုတ်မြစ် ချထားပြီးပါပြီ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။ နှစ်နိုင်ငံသည် လာမည့်နှစ်တွင် သံတမန်ဆက်ဆံရေး နှစ် ၁၉၀ ပြည့်မြောက်မည့် အထိမ်းအမှတ်အတွက် ပြင်ဆင်နေကြသည်။

ဘလင်ကန်သည် ပရာယွတ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ အကျပ်အတည်းအရေး ထည့်သွင်းပါဝင်လိမ့်မည် ဖြစ်သလို ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ပါဝင်လိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

မြန်မာ အာဏာသိမ်းစစ်တပ်သည် ယမန်နှစ် အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် တိုးမြှင့်ဖိအားပေးခဲ့ပြီး ယခုအခါ ဖြုတ်ချခံ အစိုးရနှင့် မဟာမိတ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် မျက်နှာစာအများအပြားတွင် ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည်။

တနင်္ဂနွေနေ့ အစောပိုင်းက ဘလင်ကန်သည် ထိုင်း၏ မြို့တော် ဘန်ကောက်၌ မြန်မာလူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ဘလင်ကန်သည် ထိုင်းနိုင်ငံခရီးစဉ် ပြီးလျင် မူလက စီစဉ်မထားသည့် တိုကျို ခရီးစဉ်ကို သွားရောက်မည် ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး လုပ်ကြံခံရပြီးနောက် ဂျပန်ပြည်သူများကို ဝမ်းနည်းစကား ပြောကြားရင်း အားပေးနှစ်သိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly