ရာထူးလက်မဲ့ဖြစ်သွားပြီဖြစ်သော နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

ရာထူးလက်မဲ့ဖြစ်သွားပြီဖြစ်သော နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

ဇူလိုင်လ ၉ ရက်

ရာထူးမှဖယ်ရှားခံခဲ့ရသော ရဲချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စစ်ကောင်စီတပ် မူလစစ်ဘက်ရာထူးများမှပါ အနားယူစေလိုက်ပြီဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ပြောသည်။

မေလ ၂ ရက်၊ ၂၀၂၂ ခုနှစ်ကထွက်ရှိသော စစ်ကောင်စီ၏အမိန့်ကြေညာချက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး “မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန်” ဟု ပါရှိခဲ့သော်လည်း ယခုအခါ စစ်ဘက်တွင်လည်း မည်သည့်တာဝန်မှ ပေးခြင်း မရှိတော့ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များအရ သိရသည်။ စစ်ကောင်စီဘက်က အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်စိတ်ချခြင်းခံခဲ့ရသော ရဲချုပ်သန်းလှိုင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းမှုတာဝန်ကို လုပ်ဆောင်ခဲ့သည်။ သူတာဝန်ထမ်းဆောင်စဉ်တွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ၎င်း၏ ညီအရင်းဖြစ်သူ ဦးစိုးမိုးလှိုင်မှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် စစ်ကြောရေးတွင်ပင် အသက်ပျောက်ခဲ့ရာက ရက်စက်ကြမ်းတမ်းသည်ဟူသောသဘော လူအများ၏ထင်မြင်ချက်ပေးခြင်းခံခဲ့ရသည်။

ညီအစ်ကိုဖြစ်သော်လည်း နိုင်ငံရေးဘက်ကွဲပြားမှုနှင့်အတူ သဘောထားခြင်းတိုက်ဆိုင်မှုမရှိခဲ့ကာ နှစ်များစွာ အခေါ်အပြောမရှိခဲ့သည့်ဆက်ဆံရေးနောက် စစ်ကြောရေးတွင် အသတ်ခံရခဲ့သော ညီဖြစ်သူ၏ ရုပ်အလောင်းကို ကျန်ရစ်သူမိသားစုကသင်္ဂြိုဟ်ခွင့်ရရှိရေးအတွက် ရဲချုပ်သန်းလှိုင်က ကြားဝင်ဆောင်ရွက်ပေးခဲ့ရသည်ဟု မိသားစုနှင့်ရင်းနှီးသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။ သို့သော် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း​ဒေသကြီးတို့တွင် တော်လှန်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အင်အားကောင်းလာသည့်အခါ ပြည်ထဲရေးဒုဝန်ကြီး၊ ရဲချုပ်တာဝန်အပြင် ကာကွယ်ရေးဝန်ကြီးဌာနအောက် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးတာဝန်ကိုပါ မင်းအောင်လှိုင်က ၎င်းအား ပူးတွဲပေးအပ်ခဲ့ပြန်သည်။

ယမန်နှစ် ၂၀၂၁ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းက တူရကီနိုင်ငံတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပို၏ အထွေထွေညီလာခံကို တက်ရောက်ခဲ့ခြင်းအပါအဝင် အာဆီယံ ရဲတပ်ဖွဲ့များဆိုင်ရာ အစည်းအဝေးများ တက်ရောက်ခွင့်ရခဲ့သော ရဲချုပ်သန်းလှိုင်သည် ကစထမှူးကြီးအဖြစ် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းများအတွင်း လွန်းထိုးသွားလာခဲ့သည်။

သို့သော် အညာဒေသ PDF နှိမ်နင်းရေး အထူးစစ်ဆင်ရေးကြီးများက " မအောင်မြင်ဖြစ်ခဲ့ရသည်" ဟု သူ၏ လုပ်ဖော်ကိုင်ဘက်ဟောင်းတစ်ဦးက ပြောသည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် သူ့ကို ကစထ-၆ မှူးရာထူးမှ ပြန်လည်ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးကို တာဝန်လွှဲခဲ့သည်။

သူကွပ်ကဲအမိန့်ပေးရသော စစ်ဆင်ရေးများအောက် အညာဒေသတွင် ကျေးရွာများမီးရှို့ခြင်း၊ အရပ်သားများ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခဲ့ပြီးနောက် မိသားစုအတွင်း ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချမှုများခံခဲ့ရခြင်းအတွက် "သူ စိတ်ထိခိုက်ခဲ့သည်" ဟု စစ်ဘက်အပတ်စဉ် တူသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ရဲချုပ်ရာထူးမှ ဖယ်ရှားခံရခြင်းအကြောင်းရင်းကို တိတိကျကျမသိနိုင်သော်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် သူ့အကြား သဘောကွဲလွဲမှုများရှိခဲ့သည်ဟု ကြားသိရကြောင်း CDM လုပ်ဆောင်ခဲ့သည့် ရဲဘက်အရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်အမာခံအချို့ကမူ စစ်တက္ကသိုလ်အပတ်စဉ် (၂၉) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရာထူးမှဖယ်ရှားခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပေါင်းကာ အကျင့်ပျက်ခြစားမှု ကျူးလွန်မှုကြောင့်ဟု ဝါဒဖြန့်ပြောဆိုမှုများရှိခဲ့သည်။ သို့သော် မည်သည့်ဖြစ်ရပ်ဟု ညွှန်းဆိုပြခြင်းမရှိသည်ကို တွေ့ရသည်။

သို့သော် အထက်အမိန့်နာခံမှု၊ သစ္စာရှိမှုတို့ဖြင့် ပေးအပ်ရာတာဝန်ကိုထမ်းဆောင်ခဲ့သူဟု တပ်တွင်း အသိအမှတ်ပြုခံရသော်လည်း "အရန်အင်အား"အဖြစ်သာ အဆုံးသတ်သွားစေခြင်းအတွက် "ထိုးကျွေးခံရတာ" ဟု လုပ်ဖော်ကိုင်ဘက်ဟောင်းတစ်ဦးဖြစ်သော သတင်းရင်းမြစ်က မှတ်ချက်ပြုသည်။ အငြိမ်းစားပေးခံရချိန်တွင် အသက် ၅၆ နှစ်သာရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required