ပါကစ္စတန်၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ထားရနိုင်ဟု ဆက်သွယ်ရေး လုပ်ငန်းများ သတိပေး

ပါကစ္စတန်၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ထားရနိုင်ဟု ဆက်သွယ်ရေး လုပ်ငန်းများ သတိပေး

ပါကစ္စတန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေသောကြောင့် မိုဘိုင်းဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုများကို ပိတ်ထားရနိုင်သည်ဟု ဆက်သွယ်ရေးလုပ်ငန်းများက ဇွန် ၃၀ ရက်တွင် သတိပေးခဲ့သည်။

“တစ်နိုင်ငံလုံးမှာ နာရီများစွာကြာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်နေတာကြောင့် မိုဘိုင်းဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်ထားရလိမ့်မယ် ဆိုပြီး ပါကစ္စတန်ရဲ့ ဆက်သွယ်ရေး လုပ်ငန်းများက သတိပေးထားပါတယ်။ ဓာတ်အားပြတ်တောက်မှုကြောင့် သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေအပေါ် ပြဿနာတွေ ဖြစ်စေပြီး အဟန့်အတား ဖြစ်စေလျက် ရှိပါတယ်” ဟု ပါကစ္စတန် အမျိုးသား သတင်းအချက်အလက် နည်းပညာဘုတ်အဖွဲ့ (NIBT) က တွစ်တာတွင် ရေးသည်။

ထို့အတူ ဇူလိုင်လထဲ၌ ပြည်သူများအနေဖြင့် လျှပ်စစ် ဝန်အားလျှော့ချမှုများကို ပိုမို ကြုံတွေ့ရဖွယ်ရှိသည်ဟု ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဇွန် ၂၇ ရက်တွင် သတိပေးပြောဆိုခဲ့ကြောင်း Geo News က ဖော်ပြသည်။

ပါကစ္စတန်သည် လိုအပ်နေသည့် သဘာဝဓာတ်ငွေ့ရည် (LNG) ကို ဝယ်ယူဖြည့်ဆည်းထားနိုင်ခြင်း မရှိသေးသော်လည်း ညွန့်ပေါင်းအစိုးရအနေဖြင့် ဖြစ်နိုင်ခြေရှိ သဘောတူညီချက်တစ်ခု ရရှိရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

ပါကစ္စတန်၏ လအလိုက် လောင်စာဆီ တင်သွင်းမှုများက ဇွန်လတွင် ၄နှစ်တာ၏ အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိထားခဲ့ကြောင်း ဈေးကွက် ကိန်းဂဏန်းအချက်အလက်ကုမ္ပဏီ Refinitiv က ထုတ်ပြန်ထားသည်။ နိုင်ငံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် LNG ဝယ်ယူနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရပြီး အပူလှိုင်းတစ်ရပ် ကျရောက်ခြင်းက လိုအပ်ချက်ကို တွန်းပို့လျက် ရှိနေသည်ဟု Geo News က ဖော်ပြသည်။

ပါကစ္စတန်သည် ဇူလိုင်လအတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူဖြည့်ဆည်းရန် သဘောတူညီချက်တစ်ရပ် ရယူနိုင်ခြင်း မရှိခဲ့သည့်နောက် ဓာတ်အား လိုအပ်ချက် မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။ တင်ဒါ ကမ်းလှမ်းမှုနှုန်းထား မြင့်တက်ခြင်း၊ ပါဝင်မှု နည်းပါးခြင်းတို့ကြောင့် ဇူလိုင်လအတွက် တင်ဒါများကို ဖျက်သိမ်းထားခဲ့ရသည်။ အစိုးရအနေဖြင့် နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပေါ်နေသော လျှပ်စစ်မီးပြတ်တောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေရသည်။

ပါကစ္စတန်အစိုးရသည် ယခုအခါ စွမ်းအင်ထိန်းသိမ်းစောင့်ရှောက်မှုကို မြှင့်တင်ရန် ကြိုးပမ်းလျက် ရှိပြီး အစိုးရဝန်ထမ်းများ၏ အလုပ်လုပ်ချိန် နာရီများကို လျှော့ချထားကာ ကရာချိ အပါအဝင် မြို့ကြီးများ၌ ရှော့ပင်းမောလ်များမှစပြီး စက်ရုံများအထိ စောစော ပိတ်ရန် ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required