ဟောင်ကောင်အရေးကို ဝင်မစွက်ဖက်ရန် ကနေဒါကို တရုတ် တိုက်တွန်း

ဟောင်ကောင်အရေးကို ဝင်မစွက်ဖက်ရန် ကနေဒါကို တရုတ် တိုက်တွန်း

ဟောင်ကောင်၏ လွတ်လပ်မှုကို တရုတ်အာဏာပိုင်များက ဖိနှိပ်နေကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး မီလိန်းဂျိုလီက ပြောဆိုလိုက်ခြင်းအပေါ် ဟောင်ကောင်အရေးကို စွက်ဖက်ခြင်းမပြုရန် တရုတ်က ကနေဒါကို တိုက်တွန်းလိုက်သည်။

ဟောင်ကောင်၏ တရုတ်အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည် ကာလအတွင်း အော့တဝမြို့ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပြင်ပအင်အားစုများသည် တာဝန်မဲ့သော မှတ်ချက်များ မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

“ဟောင်ကောင်ကိစ္စက တရုတ်ရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်ပြီး ပြင်ပအင်အားစုတွေက တာဝန်မဲ့ မှတ်ချက်ချနိုင်တဲ့ အနေအထားမှာ မရှိပါဘူး” ကနေဒါနှင့် ဟောင်ကောင်အကြားရှိ နက်ရှိုင်းသော ဆက်ဆံရေးသည် ဟောင်ကောင်အရေးတွင် ဝင်ရောက် စွက်ဖက်ရန် အကြောင်းပြချက်မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဂျိုလီ၏ ဇွန် ၃၀ရက် ထုတ်ပြန်ချက်တွင် ကနေဒါသည် ဟောင်ကောင်နှင့် တိုက်ရိုက်ဆက်သွယ်မှုရှိပြီး ဟောင်ကောင်တွင် ကနေဒါနိုင်ငံသား သုံးသောင်းခန့်နှင့် ကနေဒါကုမ္ပဏီ ၁၀ဝ ကျော်တို့ရှိကြောင်း ဆိုသည်။

သို့သော် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့သည့် လွန်ခဲ့သည့် ၂ နှစ်အတွင်း လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အခြားရွေးချယ်စရာအမြင်များကို ငြိမ်းချမ်းစွာထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံခဲ့ရကြောင်း ဂျိုလီက ပြောကြားခဲ့သည်။

၁၉၉၇ခုနှစ် ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်အား ၁၉၈၄ခုနှစ် တရုတ်-ဗြိတိန် ပူးတွဲကြေညာစာတမ်းပါ သတ်မှတ်ချက်များအရ ဗြိတိန်မှ တရုတ်(PRC) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပူးတွဲကြေညာစာတမ်းတွင် အခြေခံအခွင့်အရေးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဟောင်ကောင်တွင် 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' ကျင့်သုံးရေးတို့ကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required