မတူပီမြို့နယ်အတွင်း ၂ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

မတူပီမြို့နယ်အတွင်း ၂ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ဇူလိုင် ၈

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ခုနစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိသွားကြောင်း ချင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi မှ ဇူလိုင်လ ၇ရက်နေ့တွင် ထုတ်ပြန်သည်။

ဇွန်လ ၂၈ ရက်နေ့မှစတင်ပြီး လိုင်လင်းပီမြို့မှ မတူပီမြို့ဘက်သို့ ခြေလျင်စစ်ကြောင်း ဖြင့် ထွက်ခွာလာသော အင်အား ၅၀ ခန့် ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လ ၇ရက်နေ့ နံနက် ၆နာရီ ခန့်တွင် အမ်မိလိုင်းကျေးရွာ၌ တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (ဇိုတုန်) CDF – Zotung နှင့် CDF – Matupi တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

ဇူလိုင်လ ၆ရက်နေ့ နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင်လည်း ပထမအဆုံးအကြိမ် ထိတွေ့ မှုအဖြစ် ရဲန်ခဲန်းရွာနှင့် အမ်မိလိုင်း ရွာအကြား တွင် ၄၅မိနစ်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ကျဆုံး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သည် ရဲန်ခဲန်းကျေးရွာသို့ တပ်ဆုတ်သွားပြီး ပြည်သူများ၏ နေအိမ်သုံးလုံးကို မီးတင်ရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

ည ၆နာရီအချိန်တွင် အမ်မိလိုင်းကျေးရွာ၌ မိနစ် ၃၀အကြာ ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဇွန်လိုင်လ ၆ရက်နှင့် ၇ရက်၊ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးပြီး ရှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း CDF – Matupi ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

#mizzima

#မတူပီမြို့နယ်

#၂ရက်ဆက်

#ခုနစ်ဦးသေဆုံး

#ထုတ်ပြန်ချက်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly