ဒီပဲယင်းမြို့နယ် မဲသည်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၂ ဦးခန့် သေဆုံးနိုင်ဟုဆို

By လွှမ်းမိုး
08 July 2022
ဒီပဲယင်းမြို့နယ် မဲသည်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၂ ဦးခန့် သေဆုံးနိုင်ဟုဆို

ဇူလိုင် ၈ ၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ အနောက်ဘက် နှစ်မိုင် ခန့်အကွာရှိ မဲသည်ကျေးရွာ အနီးတွင် ဒီပဲယင်းမြို့မှ ထွက်ခွါလာသည့် စစ်ကောင်စီ တပ်သား ဦးရေ ၄၀ ခန့်ကို ဇူလိုင်လ ၇ ရက် နေ့ ညနေ ၆နာရီ ၃၀ မိနစ်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့ကြောင်း DRPA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည် ။

" စစ်ကောင်စီတပ် စစ်ကြောင်းက အင်အား ၄၀ လောက် ရှိတယ်။ ဒီပဲယင်းမြို့ က စထွက်လာတယ်လို့ သတင်းကြားတာနဲ့ မဲသည် ကျေးရွာနဲ့ ဝဘာရွာ ကြားကနေ ပွိုင့် တွေ ခွဲပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ စစ်သား ၁၂ ဦး လောက် အသေအပျောက် ရှိနိုင်ပါတယ်ဗျ။ စစ်သားအလောင်း ခြောက်လောင်းကိုတော့ ဒီကနေ့မနက်ပိုင်း အထိ လာကောက်တာမျိုး မရှိဘူး။ အင်အား ၄ဝ လောက်မှာ ၁၂ ယောက်လောက် သေပြီး ငါး ယောက်လောက်က ဒဏ်ရာ အပြင်းအထန်ရထားတာဆိုတော့ ရှေ့လည်းမသွားရဲ ၊နောက်လည်း မသွားရဲ ဖြစ်နေကြတာ" ဟု DRPA အဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည် ။

အဆိုပါတိုက်ပွဲတွင် DRPA ၊ ဗိုလ်မုတ်ဆိတ်နှင့် FRF ရွှေဘိုခရိုင် တပ်ရင်း (၂၄) ၊ ရွှေဘို ခရိုင်တပ်ရင်း (၁၂) နှင့် Galaxy Force ဒီပဲယင်း ပကဖတို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ဒီပဲယင်း

#တိုက်ပွဲ

#စစ်ကောင်စီတပ်သား

#၁၂ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly