ဒီမိုကရေစီစနစ်၌ အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အမြစ်များပေါ်ထွက်ရန် အဓိကလိုအပ်ဟု LDU ကို စစ်ခေါင်းဆောင်ပြောဆို

ဒီမိုကရေစီစနစ်၌ အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်း အမြစ်များပေါ်ထွက်ရန် အဓိကလိုအပ်ဟု LDU ကို စစ်ခေါင်းဆောင်ပြောဆို

ဇူလိုင် ၈

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့်တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ်တွင် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းမြစ်များ ပေါ်ထွက်ရန် အဓိက လိုအပ်ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောဆိုခဲ့သည်ဟုသိရသည်။

ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးကိစ္စများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စများကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း စစ်တပ်၏ ဝါဒဖြန့်မီဒီယာများမှ ထုတ်ပြန်ထားသည်။

အလားတူ LDU အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ဆွေးနွေးတင်ပြခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အာဏာသိမ်းခြင်းကို ကျူးလွန်ထားသော်လည်း တိုင်းရင်းသားအဖွဲ့များနှင့်တွေ့ဆုံရာတွင် ဖက်ဒရယ်ဟူသော စကားလုံးကို အတွင်တွင်အသုံးပြုနေပြီး ဒီမိုကရေစီနှင့်ပတ်သက်၍ ဆွေးနွေးမှုများကိုလည်း အတွင်တွင်ပြုလုပ်နေသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စစ်ကောင်စီနှင့်တွေ့ဆုံရန် တက်ရောက်လာသည့် LDUအဖွဲ့သည် ကိုးဖွဲ့မြောက်ဖြစ်သည်။ တက်ရောက်လာရာတွင် အထွေထွေအတွင်းရေးမှူးအဆင့်ရှိသူ ကျာဆော်လမွန်သာတက်ရောက်သည်ကို တွေ့ရသည်။

၎င်းတက်ရောက်မည်ကို မေလအတွင်းက ကြေညာခဲ့ရာတွင် LDUဘက်မှ ကန့်ကွက်ထားပြီး လိုအပ်သောအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မေလအတွင်းက ထုတ်ပြန်ထားသည်။

#mizzima

#ဒီမိုကရေစီစနစ်

#လားဟူဒီမိုကရက်တစ်အစည်းအရုံး

#ကျာဆော်လမွန်သာ

#ကန့်ကွက်ထား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly