လောင်စာဆီ တင်သွင်းနိုင်ရေး သီရိလင်္ကာသမ္မတက ရုရှသမ္မတ ပူတင်ထံ အကူအညီတောင်း

လောင်စာဆီ တင်သွင်းနိုင်ရေး သီရိလင်္ကာသမ္မတက ရုရှသမ္မတ ပူတင်ထံ အကူအညီတောင်း

ဇူလိုင် ၇

နိုင်ငံခြားငွေ ပြတ်လပ်နေသော သီရိလင်္ကာနိုင်ငံအတွက် လောင်စာဆီ တင်သွင်းရာတွင် အကူအညီပေးရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို ပန်ကြားတိုက်တွန်းထားကြောင်း သီရိလင်္ကာသမ္မတက ဇူလိုင် ၆ ရက်တွင် ပြောသည်။

အဆိုပါကျွန်းနိုင်ငံသည် ဆယ်စုနှစ် ခုနစ်စုအတွင်း အဆိုးဆုံးသော စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု မှားယွင်းမှု၊ COVID-19 အကျပ်အတည်း၏ ရိုက်ခတ်မှုတို့ကြောင့် နိုင်ငံခြားငွေကြေး ပြတ်လပ်မှု ဖြစ်ပေါ်ခြင်းနှင့်အတူ သီရိလင်္ကာသည် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများကိုပင် ဝယ်ယူတင်သွင်းနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရပြီး ယင်းနောက် ဆေးဝါး၊ အစားအစာနှင့် လောင်စာဆီ ရှားပါးမှုများအထိ ဖြစ်ပေါ်နေခဲ့သည်။

“ရုရှသမ္မတ ဗလာဒီမာ ပူတင်နဲ့ အရမ်းကို အကျိုးရှိတဲ့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု ရှိခဲ့ပါတယ်” ဟု သီရိလင်္ကာသမ္မတ ဂေါ့တာဘယာ ရာဂျာပက်ဆာက တွစ်တာတွင် ရေးသည်။ ထို့ပြင် လောင်စာဆီ တင်သွင်းရန် ရုရှထံမှ ချေးငွေ အထောက်အပံ့ ရရှိရေး ပန်ကြားခဲ့ကြောင်း သီရိလင်္ကာသမ္မတက ပြောသည်။

ဓာတ်ဆီနှင့် ဒီဇယ် လက်ကျန်ပမာဏက ကုန်ခန်းလုနီးပါး ဖြစ်နေပြီးနောက် သီရိလင်္ကာအာဏာပိုင်တို့သည် နိုင်ငံတစ်ဝန်း စာသင်ကျောင်းများကို ဆက်ပိတ်ထားခဲ့ရသလို အစိုးရဝန်ထမ်းများကိုလည်း နေအိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းထားသည်။

သီရိလင်္ကာသည် လက်တလော အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ရုရှထံမှ ရေနံကို ဝယ်ယူထားခဲ့ပြီးဖြစ်သလို နောက်ထပ် ဝယ်ယူမှုများ ထပ်မံလုပ်ဆောင်ရန် လိုလားကြောင်း သီရိလင်္ကာအစိုးရက ထုတ်ဖော်ထားသည်။

“ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုလိုမျိုး ကဏ္ဍတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို အားကောင်းအောင် တိုးမြှင့်တာက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ချစ်ကြည်မှုကို တောင့်တင်းခိုင်မာစေဖို့ လုပ်ဆောင်ရာမှာ အဓိကကျတယ်ဆိုတာကို ကျွန်တော်တို့ တညီတညွတ်တည်း သဘောတူခဲ့ကြတယ်” ဟု ရာဂျာပက်ဆာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required