သန်လျင်မြို့နယ်တွင် စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူနေရ

သန်လျင်မြို့နယ်တွင် စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူနေရ

ဇူလိုင် ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ထမလုံကျေးရွာတွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်ကပစ်ခတ်၍ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှသိရသည်။

အဆိုပါဖြစ်စဉ်သည် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက သန်လျင်၊ ထမလုံကျေးရွာရှိ လမ်းသုံးခွ ဆုံသည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့က ထမလုံမှာ ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူတွေကို စစ်တပ်က နှစ်ကြိမ်လာဖမ်းတာ။ မနက်ပိုင်း ဖမ်းတာက ဘာမှမဖြစ်ဘူး။ နေ့လယ် တစ်နာရီနောက်ပိုင်း လမ်းသုံးခွဆုံတဲ့နေရာကို ဝင်ဖမ်းတဲ့အချိန်မှာ တော့ လမ်းကိုနှစ်ဖက်ပိတ်ပြီးဖမ်းတဲ့အပြင် ထွက်ပြေးတဲ့ ကယ်ရီသမားတွေကိုပါ ခုံးပေါ်ကနေ သေနတ်နဲ့ လှမ်းပစ်တာ။ တစ်ယောက်က ဗိုက်ထိသွားတယ်။ ဆိုင်ကယ်တချို့လည်း ဖမ်းဆီးခံလိုက်ရတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်က ဆိုင်ကယ် ၁၇ စီးကိုဖမ်းဆီးခဲ့ပြီး ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်တွင်ကျည်ဆန် ထိမှန် ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူကို အနီးရှိကားဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာရရှိခဲ့သူသည် ထမလုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေရကာ အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု ဒေသခံတစ်ဦးကဆို သည်။

“ဒီမှာက ဆိုင်ကယ်မစီးရဆိုပြီး စစ်ကောင်စီက သတ်မှတ်ထားတာကြာပြီ။ ဒါပေမယ့် ဒီဘက်မှာက စီးပွားရေး အဆင်မပြေတော့ ဆိုင်ကယ်ကယ်ရီဆွဲပြီး စားနေရတဲ့သူတွေ အများကြီး။ အရင်တုန်းကလည်း ဖမ်းတာပဲ။ မပစ်ဘူး။ အခုကျတော့ ဟိုဘက်ဒီဘက် ပိတ်ဖမ်းရုံတင်မကဘဲ ထွက်ပြေးတဲ့သူတွေကိုပါ သေနတ်နဲ့ပစ်တာ။ ကယ်ရီသမားတွေကိုပဲ ဖမ်းတာပါ” ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ကောင်စီက သန်လျင်မြို့နယ်တွင် မေလ ၁၈ ရက်နေ့နောက်ပိုင်းမှစတင်၍ ဆိုင်ကယ်စီးနင်းခွင့် ပိတ် ပင်ခဲ့ပြီး မြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်သူများကို ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်က သန်လျင်မြို့နယ်အတွင်းမှ ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ် ၁၅၀,၀၀၀၊ ၂၀၀,၀၀၀ ကျပ်ဖြင့် ပြန်လည်ရွေးယူခိုင်းခြင်းများရှိနေကြောင်းလည်း သိရသည်။

သန်လျင်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် လုံခြုံရေးချကာ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် မြို့နယ်အတွင်းရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများ နှင့် မြေပေါ်မြေအောက် တော်လှန်ရေးလှုပ်ရှားသူအချို့ ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိနေကြောင်း သိရ သည်။

#Mizzima

#ရန်ကုန်တိုင်း

#သန်လျင်မြို့နယ်

#စစ်ကောင်စီတပ်

#ပစ်ခတ်

#ကယ်ရီမောင်းသူ

#ကျည်ထိမှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required