ပါကစ္စတန်တွင် ရေရရှိမှု စားနပ်ရိက္ခာ ဖူလုံမှုအပေါ် သက်ရောက်နေ

ပါကစ္စတန်တွင် ရေရရှိမှု စားနပ်ရိက္ခာ ဖူလုံမှုအပေါ် သက်ရောက်နေ

ပါကစ္စတန်နိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသော ရေအကျပ်အတည်းက စိုက်ပျိုးရေးကဏ္ဍအပြင် ယင်းလုပ်ငန်းနှင့် သက်ဆို်ငသည့် ပို့ကုန်လုပ်ငန်းတို့အပေါ် ဆိုးဝါးစွာ သက်ရောက်ထားခဲ့ပြီး အခြေအနေက နိုင်ငံ၏ ဧရိယာအချို့တွင် ပြင်းထန်သော မိုးခေါင်မှုဆီ ဆိုက်ရောက်စေလျက် ရှိသည်။

စိုးရိမ်ဖွယ် အခြေအနေ ရှိနေသော်လည်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သည့် ပါကစ္စတန်အစိုးရက ယင်းကိစ္စအပေါ် အထူးတလည် အာရုံစိုက်ခြင်း မရှိသေးပေ။

“ရေ စီမံခန့်ခွဲမှုပိုင်းမှာ ရင်းနှီးမြှုပ်နှံတာ၊ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်တာ ဒါမှမဟုတ် ရေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အသေးစား ဆည်တွေ တည်ဆောက်တာတို့ လုပ်ရင်းနဲ့ ရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ အာရုံစိုက်မှုမျိုး မရှိခဲ့ပါဘူး” ဟု Water Aid Pakistan အဖွဲ့၏ ဌာနေညွှန်ကြားရေးမှူး အရစ်ဖ် ဂျက်ဘာ ခန်းက ပြောကြားကြောင်း Daily Times က ဖော်ပြသည်။

“ရေ ထောက်ပံ့မှုနဲ့ ရေ စီမံခန့်ခွဲ့မှုတို့အတွက် တာဝန်ဝတ္တရားတွေနဲ့ပတ်သက်လို့ အဖွဲ့အစည်းဆိုင်ရာ ရှုပ်ထွေးမှု ဖြစ်နေတာက နိုင်ငံတော်အဆင့်မှာရော၊ ပြည်နယ်အဆင့်မှာပါ ရှိနေတဲ့ နောက်ထပ် အရေးကြီးတဲ့ ပြဿနာ ဖြစ်နေခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အထူးသဖြင့် ရေအကျပ်အတည်းက ပါကစ္စတန်၏ စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်ထိခိုက်စေရုံသာမက စွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံမှုအပြင် အမျိုးသားလုံခြုံရေးအပေါ်တွင်ပါ သက်ရောက်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။ ပါကစ္စတန်၏ စိုက်ပျိုးရေးကဏ္ဍမှ ရရှိသော ဝင်ငွေသည် နိုင်ငံ ဂျီဒီပီ၏ ၂၃ ရာခိုင်နှုန်း ရှိသည်ဟု မီဒီယာသတင်းဌာနတစ်ခုက ဖော်ပြသည်။

ပါကစ္စတန်သည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သည့် ရေ ၅၀ ရာခိုင်နှုန်းခန့် ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ယင်းသည် ၁၉၉၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဖြစ်ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ဆင်းဒ်ပြည်နယ်၌ ရေရှားပါးမှုက ကြီးမားသည့် ကိစ္စတစ်ခု ဖြစ်ထားခဲ့သည်။ ဆင်းဒ်ပြည်နယ်သာမကဘဲ ပန်ဂျပ်ပြည်နယ်တွင်လည်း ရေ ၇၅ ရာခိုင်နှုန်း ရှားပါးမှု အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly