အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ဂျုံ မက်ထရစ်တန် ၂၅၀၀ ထပ်မံ ပေးပို့

By Zee5
06 July 2022
အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ဂျုံ မက်ထရစ်တန် ၂၅၀၀ ထပ်မံ ပေးပို့

အိန္ဒိယသည် အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ဂျုံ မက်ထရစ်တန်ချိန် ၂၅၀၀ ကို အက်တာရီ-ဝါဂါ နယ်စပ်မှတစ်ဆင့် နောက်ထပ် ပေးပို့ခဲ့သည်။

အိန္ဒိယက လက်ရှိအချိန်အထိ အာဖဂန်နစ္စတန်သို့ ဂျုံမက်ထရစ် တန်ချိန် စုစုပေါင်း ၃၆၀၀၀ အထိ ပေးပို့ထားပြီး ဖြစ်ကြောင်း အကောက်ခွန်ဌာန ပူးတွဲကော်မရှင်နာ ဘယ်လ်ဘီရာ မန်ဂတ်က ဇူလိုင် ၂ ရက်တွင် ပြောသည်။ အိန္ဒိယသည် အာဖဂန်နစ္စတန်အတွက် ဂျုံ မက်ထရစ်တန် ၅၀၀၀၀ ပေးပို့မည်ဟု ကတိပြုထားပြီး ယခုအခါ မက်ထရစ်တန် ၁၄၀၀၀ သာပေးပို့ရန် ကျန်ရှိနေသည်။

အစောပိုင်းကလည်း အာဖဂန်နစ္စတန်ကို အကူအညီပေးအပ်ရန် လူသားချင်းစာနာမှုဆိုင်ရာ အားထုတ်မှု တစ်ရပ်အနေဖြင့် အိန္ဒိယက အာဖဂန်နစ္စတန်သို့ ဂျုံ မက်ထရစ် တန်ချိန် ၃၀၀၀ ပေးပို့ထားခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘက်ဂ်ချီက ဇူလိုင် ၂ ရက် တရားဝင် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“အိန္ဒိယဟာ အာဖဂန်နစ္စတန်အတွက် နောက်ထပ် ဂျုံ မက်ထရစ်တန်ချိန် ၃၀၀၀ ကို ထပ်မံ ပေးပို့ထားပါတယ်။ အာဖဂန်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်က ဆက်လက်ပြီး တည်ငြိမ်ခိုင်မြဲနေပါတယ်” ဟု ၎င်းက တွစ်တာတွင် ရေးသည်။

ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ပူးပေါင်းဆောင်ရွက်ရင်း အိန္ဒိယသည် အာဖဂန်နစ္စတန်ထံ ဂျုံ မက်ထရစ်တန်ချိန် ၃၃၅၀၀ ပေးပို့မှုကို အောင်မြင်စွာ ပြီးမြောက်ထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် မေလကလည်း အိန္ဒိယအစိုးရဘက်က လူသားချင်းစာနာမှု အကူအညီအဖြစ် ပေးအပ်သော ဂျုံ မက်ထရစ် တန်ချိန် ၂၀၀၀ ကို အက်တာရီ-ဝါဂါ နယ်စပ်မှတစ်ဆင့် အာဖဂန်နစ္စတန်အတွက် ပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required