ပါကစ္စတန်စစ်တပ်အကြီးအကဲ ပါရီသို့ သိုသပ်စွာ သွားရောက်ခဲ့

ပါကစ္စတန်စစ်တပ်အကြီးအကဲ ပါရီသို့ သိုသပ်စွာ သွားရောက်ခဲ့

ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဘာဂျ်ဝါသည် ပြီးခဲ့သည့် ဇွန်လက ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လုံခြုံရေးဆိုင်ရာ ပြပွဲတစ်ခုကို တက်ရောက်ခဲ့ရာတွင် နှစ်နိုင်ငံအကြား သံတမန်ရေး အက်ကြောင်း ရှိနေမှုကြောင့် ပြည်သူတို့၏ ဖြစ်ပေါ်နိုင်ခြေရှိသော တုံ့ပြန်မှုကို ရှောင်ရှားရန် အဆိုပါ ခရီးစဉ်ကို သိုသိပ်စွာပင် သွားရောက်ခဲ့သည်။ 

ပါကစ္စတန်စစ်တပ်အကြီးအကဲ၏ ထိုခရီးစဉ်နှင့်ပတ်သက်ပြီး ပါကစ္စတန် မီဒီယာများတွင် မဖော်ပြခဲ့သလို စစ်တပ် မီဒီယာဌာနကလည်း သတင်းမထုတ်ပြန်ခဲ့ပေ။ ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါသည် အဆိုပါ ခရီးစဉ်ကို သိုသိပ်စွာ သွားရောက်ခဲ့သလို ပြင်သစ် ပြပွဲစီစဉ်သူများ တည်ခင်းသော ညစာစားပွဲများကိုပင် မတက်ရောက်ခဲ့ဟု South Asian Press က ဖော်ပြသည်။

ထို့ပြင် ပါကစ္စတန်နှင့် ပြင်သစ်အကြား ဆက်ဆံရေး မကောင်းမှုကြောင့် သံအမတ်ကြီး ခန့်အပ်ထားခြင်း မရှိသည့် ပါကစ္စတန် သံရုံးအဖွဲ့သည်လည်း ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါ၏ ထိုခရီးစဉ်တွင် ပါဝင်ပတ်သက်မှု မရှိခဲ့ခြင်းသည် ထူးခြားနေသည်။

“ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါက သူ့နိုင်ငံ(ပါကစ္စတန်) က အစ္စလမ္မစ် အစွန်းရောက်ဝါဒီ အုပ်စုတွေကို စိတ်မချမ်းမသာ မဖြစ်စေအောင်လို့ ပြင်သစ်မှာ ခရီးစဉ်ကို တမင်တကာကို သိုသိုသိပ်သိပ် မထင်မရှား သွားရောက်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒီ အစ္စလမ္မစ် အစွန်းရောက်ဝါဒီ အုပ်စုတွေက ပြင်သစ်ကို ဘာသာရေးစော်ကားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ကြပါတယ်” ဟု ပါကစ္စတန် မီဒီယာအတွက် ပါရီ၌ အလုပ်လုပ်နေသည့် သတင်းထောက်တစ်ဦးကို ကိုးကားပြီး South Asian Press က ဖော်ပြသည်။

ဗိုလ်ချုပ်ကြီး ဘာ့ဂျ်ဝါဘက်မှ စိတ်မပျက်စေလိုသည့် အဆိုပါ ပြင်သစ် ဆန့်ကျင်သော အစ္စလမ္မစ် အစွန်းရောက် ဝါဒီ အဖွဲ့အုပ်စုများ၏ ရှေ့တန်းတွင် ရှိနေသည့်အဖွဲ့က TLP အဖွဲ့ဖြစ်သည်။

TLP သည် ပါကစ္စတန်စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသည်ဟု သိထားကြပြီး ယင်းသည် ယခုအခါ နိုင်ငံရေးပါတီတစ်ခု ဖြစ်နေသည်။ ပါကစ္စတန်၏ အရပ်ဘက်ခေါင်းဆောင်ပိုင်းက ထိုပါတီကို အကြမ်းဖက် စွဲချက်များဖြင့် ပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မမြင်ဖြစ်ထားခဲ့ပြီး ယင်းနောက် ပြီးခဲ့သည့်နှစ်များအတွင်း TLP သည် ပါကစ္စတန်၌ လူကြိုက်များမှု ရရှိထားခဲ့သည်။

TLP သည် ယင်းနိုင်ငံ၌ ဘာသာရေး စော်ကားမှု ဥပဒေများကို ဝေဖန်ခဲ့သည့် ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဆယ်လ်မန် တက်ဆာအား သတ်ခဲ့သော မမ်တက်ဇ် ကာဒရီကို ၂၀၁၆ ခုနှစ်က ကြိုးပေးမှုအပေါ် ဆန့်ကျင်သည့် အစ္စလမ္မစ် အဖွဲ့တစ်ခုအဖြစ် ပေါ်ထွက်ထားခဲ့သည်။ ဘာသာရေး စော်ကားမှုက ယင်းနိုင်ငံတွင် ဥပဒေအရ အရေးယူသော ပြစ်မှုတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required