အမေရိကန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး၏ ပါကစ္စတန်ခရီးစဉ်အတွင်း မူးယစ်ဆေးနှိမ်နှင်းရေး ကိစ္စများ ဆွေးနွေးမည်

အမေရိကန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး၏ ပါကစ္စတန်ခရီးစဉ်အတွင်း မူးယစ်ဆေးနှိမ်နှင်းရေး ကိစ္စများ ဆွေးနွေးမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက်ဝန်ကြီး တော့ဒ် ဒီ ရော်ဘင်ဆင်သည် ပါကစ္စတန်သို့ ၄ ရက်တာ ခရီးစဉ်အတွင်း ကရာချိအခြေစိုက် မူးယစ်ရာဇာဒါဝုဒ် အီဘရာဟင်၏ ကိစ္စကို ဆွေးနွေးသွားမည် ဖြစ်သည်။

ရော်ဘင်ဆင်အနေဖြင့် ကရာချိမြို့ကို အခြေပြု လှုပ်ရှားနေသည့် ဒါဝုဒ် အီဘရာဟင်၏ နိုင်ငံစုံ၌ ဥပဒေ ချိုးဖောက်သော မူးယစ်ဆေးဝါးကွန်ရက် အရေးကိစ္စကို ဆွေးနွေးသွားမည်လား ဆိုသည့် မေးခွန်းတစ်ခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက တုံ့ပြန်ဖြေကြားရာတွင် ၎င်းတို့အနေဖြင့် နိုင်ငံစုံ၌ စနစ်တကျ စီစဉ်သော အမှုအခင်းနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကိစ္စကို ပါကစ္စတန်နှင့် ဆွေးနွေးသွားမည်ဟု ပြောခဲ့ကြောင်း Global Strat View မီဒီယာက ဖော်ပြသည်။

“နိုင်ငံစုံမှာ စနစ်တကျ စီစဉ်တဲ့ အမှုအခင်းတွေနဲ့ မူးယစ်ဆေး မှောင်ခိုကူးမှုကိစ္စကို အခွင့်အရေးရတိုင်း ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ၊ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးပါတယ်” ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက် ဝန်ကြီး တော့ဒ် ဒီ ရော်ဘင်ဆင်သည် ဒါဝုဒ် အီဘရာဟင်ကိစ္စအပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ကျားမ ရေးရာ ကိစ္စများ၊ နိုင်ငံစုံ မှုခင်းနှင့် နယ်စပ် လုံခြုံရေး အပါအဝင် အကြောင်းအရာကိစ္စအမျိုးမျိုးနှင့်ပတ်သက်ပြီး အမေရိ ကန်-ပါကစ္စတန် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးသွားမည် ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီရင်ဆုံးဖြတ်ခွင့်ရှိသော အမိန့်ညွှန်ကြားချက် ၁၃၂၂၄ အောက်တွင် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဒါဝုဒ် အီဘရာဟင်သည် ဗြိတိန်နှင့် ဥရောပအနောက်ပိုင်းတွင် မူးယစ်ဆေးဝါးများကို အကြီးဆုံး ပို့ဆောင်မှုများတွင် ပါဝင်ပတ်သက်သူဖြစ်သလို အိန္ဒိယအစိုးရကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်သော အစ္စလမ္မစ် အစွန်းရောက်ဝါဒီတို့၏ တိုက်ခိုက်မှုများကို ငွေကြေးထောက်ပံ့ပေးသူဖြစ်ကြောင်း Global Strat View မီဒီယာက ဖော်ပြသည်။

အီဘရာဟင်၏ နိုင်ငံစုံ ပြစ်မှုကျူးလွန်သည့် အဖွဲ့ဖြစ်သည့် D Company သည် အဓိကအားဖြင့် အိန္ဒိယ ၊ ပါကစ္စတန်နှင့် ယူအေအီးတို့တွင် လှုပ်ရှားနေသည်။ D Company သည် မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ မှောင်ခိုကူးခြင်းနှင့် ကြေးစားလူသတ်ခြင်း အပါအဝင် အမျိုးမျိုးသော ပြစ်မှုကျူးလွန်သည့် လုပ်ရပ်များတွင် ပါဝင်ပတ်သက်လျက်ရှိသည်။

ဒါဝုဒ် အီဘရာဟင်နှင့် D Company ၏ အခြားခေါင်းဆောင်များသည် ၁၉၉၃ ခုနှစ်က လူ ၂၅၇ ဦး အသက် ဆုံးရှုံးခဲ့ရသည့် အိန္ဒိယ မွမ်ဘိုင်း အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှု သံသယဖြင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) ၏ အနီရောင် သတိပေးချက် ထုတ်ပြန်ခံထားရသူများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly