ကိုဗစ်-၁၉ ကန့်သတ်ချက်နှင့် နယ်စပ်ပိတ်ဆို့မှုကြောင့် တရုတ်-ဗီယက်နမ်ကုန်သွယ်မှု ကျဆင်း

ကိုဗစ်-၁၉ ကန့်သတ်ချက်နှင့် နယ်စပ်ပိတ်ဆို့မှုကြောင့် တရုတ်-ဗီယက်နမ်ကုန်သွယ်မှု ကျဆင်း

တင်းကျပ်သော ကိုဗစ်-၁၉ ဘေးကင်းရေး စီမံချက်များနှင့် နယ်စပ်များ ပိတ်ဆို့ခြင်းတို့ကြောင့် တရုတ်နှင့် ဗီယက်နမ်အကြား ကုန်းလမ်းကုန်သွယ်မှုသည် ယခုနှစ် ပထမ ၄ လအတွင်း သိသိသာသာ ကျဆင်းခဲ့သည်။

ဗီယက်နမ်ကုမ္ပဏီများသည် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ကုန်ပစ္စည်း ဒေါ်လာ ၅၀၉ သန်းတန်ဖိုးမျှသာ တင်ပို့နိုင်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၈၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အကောက်ခွန်အချက်အလက်များကို ကိုးကား၍ ဗီယက်နမ်သတင်းစာ VNExpress က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှ တင်သွင်းမှုတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၄ ဘီလီယံရှိကာ ၅၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လန်ဆန်ရှိ တန်သန်နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံသို့ သစ်သီးဝလံတင်ပို့သော ဗီယက်နမ်နိုင်ငံ၏ အဓိက နယ်စပ်ဂိတ်တစ်ခုဖြစ်သော်လည်း တစ်ရက်လျှင် ကားအစီးရေ ၁၀၀ သာ အကောက်ခွန်ရှင်းလင်းခွင့် ရပြီး ကပ်ရောဂါမတိုင်မီကပြုလုပ်သည့် ကားအစီးရေနှင့်နှိုင်းယှဉ်ပါက ၃ ပုံ ၁ ပုံသာ ရှိသည်ဟု VNExpress မှ ထုတ်ပြန်ထားသည်။

အကောက်ခွန်ရှင်းလင်းမှုနှောင့်နှေးနေခြင်းကို ထိန်းချုပ်မည့်လိုအပ်သောအစီအမံများ မလုပ်ဆောင်နိုင်ပါက နယ်စပ်ပိတ်ဆို့မှုသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်အာဏာပိုင်များသည် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ကိုဗစ်-၁၉ စီမံချက်များကို တင်းကျပ်ထားသည်။ ကပ်ရောဂါကလအတွင်း ကွန်တိန်နာယာဉ်ပေါင်း ထောင်ပေါင်းများစွာသည် အကောက်ခွန်ရှင်းလင်းရန် မြောက်ပိုင်းလန်ဆန်ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ်များတွင် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရသည်ဟု VNExpress ကဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က ဗီယက်နမ်နှင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံအထိ ရှိခဲ့ပြီး အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်ခဲ့သည်။ ဗီယက်နမ်သည် ၎င်း၏ ဒုတိယအကြီးဆုံး ပို့ကုန် ဈေးကွက်ဖြစ်သည့် တရုတ်သို့ အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့သည်။

နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံရှိပြီး ဗီယက်နမ် ပို့ကုန်များ၏ ၃၇ ရာခိုင်နှုန်းရှိသည်။ စိုက်ပျိုးရေးထွက်ကုန်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများသည် ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly