တမူးခရိုင် ကညန ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း

တမူးခရိုင် ကညန ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း

ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားကြီး ၅ ရပ်ကွက် ၊ အာရှလမ်းရှိ တမူးခရိုင်ကညနရုံးကို ဇွန်လ ၅ ရက် ညနေ ၅ နာရီကျော်တွင် တမူး PDF တပ်ရင်း (၄) အပါအဝင် မဟာမိတ်အဖွဲ့များက ဝင်ရောက် စီးနင်းကာ စာရွက်စာတမ်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကညနရုံးသည် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်နေရာတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများသွားရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်များ တပ်ဖြန့်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တမူးတပ်ရင်း (၄) တိုက်ခိုက် ရေးတာဝန်ခံထံက သိရသည်။

“စစ်ခွေးတွေအထိုင်ချထားတယ်။ အပေါ်မှာ စနိုက်ပါလည်း ရှိတယ်။ အဲ့ဒီ ကညန ရုံးက ကားတွေ၊ ဆိုင်ကယ်တွေလိုင်စင်ဝင်တာတွေကို အဆမတန်လုပ်နေလို့ ပြည်သူတွေလည်းကြပ်တည်းနေကြတယ်။ စစ်ခွေးယန္တရားဒေါက်တိုင်တစ်ခု နေရာပျောက်အောင် ဖျက်ဆီးလိုတဲ့သဘောပါ။ သူတို့လည်း တပ်ဖြန့်ထားတဲ့အချိန်ဖြစ်နေတော့ မတွေ့ခဲ့ရဘူ။ ကျွန်တော်တို့ ပြန်ရောက်ချိန် ၂ နာရီလောက်ကြာမှ တမူးတပ်ကုန်းကို သူတို့ ပြန်ရောက်ပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တယ်” ဟု တမူးတပ်ရင်း (၄) တိုက်ခိုက်ရေးတာဝန်ခံက ပြောသည်။

ကာကွယ်ရေးတပ်သားများသည် ကညန ရုံးကို ဝင်ရောက်စီးနင်းရာတွင် ရုံးအတွင်းရှိ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်၍ ပြန်လည်ဆုတ်ခွာခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကာကွယ်ရေးတပ်များ ရှိနေသည်အထင်ဖြင့် ကညန ရုံးသို့ လက်နက်ကြီးကျည်ဖြင့် သုံးချက်တိတိ ပစ်ခတ်ခဲ့ကြောင်း တမူးတပ်ရင်း (၄) က သိရသည်။

တမူးခရိုင် ကညနရုံး တိုက်ခိုက်မှုကို တမူးတပ်ရင်း (၄)၊ တမူး မြို့နယ်ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ FRT ( Free Ranger Tamu )နှင့် BSO အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်း

#တမူးမြို့

#ကညနရုံး

#ပကဖစီးနင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly